ထိုင်းတောင်ပိုင်းတွင် ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံရ

0
2272

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံတောင်ပိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ရိုဟင်ဂျာ ၄၀ ကျော်ကို မတ်လ ၁၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နခွန်စီထမရတ်ခရိုင် ကျူလဖွန်ဒေသရှိ လမ်းဘေးတောထဲတွင် ပုန်းခိုနေသော ရိုဟင်ဂျာများကို ရွာလူကြီးတစ်ဦးက ရိပ်မိပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးရာတွင် ရိုဟင်ဂျာများသည် တောထဲတွင် နေရာအနှံ့တွင် ပုန်းခိုနေသဖြင့် လိုက်လံ ခေါ်ဆောင်ခဲ့ရကြောင်း ဆိုသည်။

၎င်းတို့မှာ ရခိုင်ပြည်နယ်မှ လာရောက်ကြခြင်း ဖြစ်ကြကြောင်း သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၀ ဦးတို့ဖြစ်ကြပြီး အများစုသည် အသက် ၃၀ နှစ်အောက် လူငယ်များဖြစ်ကာ ကလေးငယ်များလည်းပါဝင်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံမှ ရေလမ်းဖြင့် ထိုင်းနယ်စပ်သို့ ဝင်ရောက်လာပြီးနောက် ပွဲစားနှစ်ဦးက ကားနှစ်စီးဖြင့် အာရှလမ်းမကြီးအတိုင်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လမ်းတွင် စစ်ဆေးရေးဂိတ်ကို တွေ့ရှိရာ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြသဖြင့် လမ်းဘေးတောထဲသို့ စွန့်ပစ်ခဲ့ကာ ပွဲစားဖြစ်သူ ထွက်ပြေးသွားကြောင်းလည်း ဖော်ပြသည်။

ရိုဟင်ဂျာများသည် ပိုင်ဆိုင်မှုများကို ရောင်းချကာ မလေးရှားနိုင်ငံသို့ တစ်ဦးလျှင် ဘတ် ၆၀၀၀၀ မှ ၇၀၀၀၀ အထိ အကုန်ကျခံကာ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဘာသာပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း ဆိုသည်။

၎င်းတို့ကို အစားအသောက်နှင့် ရေများ ထောက်ပံ့ပေးခဲ့ပြီး လူကုန်ကူးခံရခြင်း ရှိမရှိ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း နခွန်စီထမရတ်ခရိုင် ပြည်သူ့ဆက်ဆံရေးစာမျက်နှာတွင် ဖော်ပြထားသည်။

Ref: MGR Online, Thairath Online