သရက်ချောင်းတွင် စစ်ကောင်စီတပ်ရင်းများသို့ သွယ်ထားသည့် ရေပိုက်လိုင်းမိုင်းခွဲခံရ

0
2428

စစ်ကောင်စီတပ် တပ်ရင်းများသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က မတ်လ ၁၆ ရက် ညနေပိုင်းတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ယင်းတပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

သရက်ချောင်း ရေတံခွန်ရေလှောင်ကန်မှ စစ်ကောင်စီတပ် ခမရ ၄၀၃၊ ခမရ ၄၀၄၊ ခမရ ၄၀၅ တပ်ရင်းများထဲသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

ခြောက်လက်မနှင့် ရှစ်လက်မ ပတ်လည်ရှိ သံပိုက်လိုင်းများကို မတ်လ ၁၆ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

ခြောက်လက်မပတ်လည်ပိုက်လိုင်းမှာ အလုံးစုံပျက်စီးခဲ့ပြီး ရှစ်လက်မပတ်လည် ပိုက်လိုင်းမှာ အနည်းငယ်သာ ထိခိုက်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

ရေပိုက်လိုင်းကို မိုင်းဖောက်ခွဲသံကြားရသဖြင့် ဥယျာဉ်ခြံတွင်းက ဒေသခံများထွက်ပြေးလာခဲ့ရကြောင်း သရက်ချောင်းမြို့ပေါ်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သရက်ချောင်း ရေတံခွန်မှာ သရက်ချောင်းမြို့ဘေးတွင်တည်ရှိပြီး ရေလှောင်ကန်ကို ရေတံခွန်အထက်ပိုင်းတွင် တည်ဆောက်ထားခြင်းဖြစ်သည်။