မြိတ် ကားတိုက်ပြေးမှုတွင် လမ်းလျှောက်နေသည့်လူငယ်သေဆုံး

0
2202

မြိတ်မြို့ စပါးရွှေဝါလမ်း (မြိတ်တက္ကသိုလ်သွားလမ်း) ရှိ မြင်းမိုရ်ပုဂ္ဂလိကပညာသင်ကျောင်းအနီးတွင် မတ်လ ၁၅ ရက် ည ၉နာရီခွဲအချိန့်က လမ်းလျှောက်နေသည့် လူငယ်တစ်ဦး ကားတိုက်ခံရပြီး သေဆုံးကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။

အသက် ၁၉ နှစ်ရှိ လူငယ် အမျိုးသားသည် လမ်းလျှောက်နေစဉ် နောက်မှ ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်ပြီး မောင်းထွက်ပြေးသွားကြောင်း အဆိုပါအသင်းတို့ထံမှ သိရသည်။

“ကောင်လေးက ဆေးရုံမှာ ဆုံးသွားတာ” ဟု နာရေးကူညီမှု အသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ကားဖြင့် အတိုက်ခံရသည့် လူငယ်ကို အနီးအနားနေသူတို့က ဆေးရုံသို့တင်ပို့ခဲ့ပြီး မတ်လ ၁၆ ရက် နံနက် ၁နာရီခွဲခန့်တွင် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

အခင်းဖြစ်ရာအနီးရှိ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းအရ ကားမှာ အနောက်က အရှိန်ဖြင့် ဝင်တိုက်ထားသည်ကို တွေ့ရကြောင်း ပြောဆိုသည်။ လူငယ်မှာ ဖုန်းဟု ယူဆရသည့်အရာကိုကြည့်ကာ လမ်းလျှောက်နေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ရက် ညဘက်တွင် ကမ်းနားလမ်း ပြည်တော်သာလှေဆိပ်အနီး အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရကာ ပွဲချင်းပြီးသေဆုံးသွားသည်။ တိုက်သည့် ဆိုင်ကယ်မှာ မောင်းထွက်ပြေးသွားသည်။

ထို့အပြင် ဇန်နဝါရီလ ၆ ရက် ည ၁၀ နာရီခွဲခန့်က မြိတ်မြို့ ထားဝယ်ကမ်းရပ် မီးပွိုင့်အနီးတွင် လမ်းလျှောက်နေသည့် အသက် ၆၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဆိုင်ကယ်တိုက်ခံရသည်။ ယင်းဖြစ်ရပ်တွင်လည်း တိုက်သည့်ဆိုင်ကယ်မှာ မောင်းပြေးသွားခဲ့သည်။

အဆိုပါအမျိုးသမီးကြီးမှာ ခြေနှစ်ဖက်ကျိုးသည့်အပြင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

လူသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်ပြီးနောက် ယာဉ် ထွက်ပြေးမှုခပ်စိပ်စိပ်ဖြစ်ပေါ်လာကြောင်း မြို့ခံအချို့က ဆိုသည်။