ရေဖြူ လဝကရုံးမီးရှို့ခံရပြီး ပြည်သူတစ်သိန်းကျော်၏ အချက်အလက်များ မီး‌လောင်သွားဟုဆို

0
2634

ထားဝယ်ခရိုင် ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) မီးရှို့ခံရပြီး ပြည်သူတစ်သိန်းကျော်၏ အချက်အလက်များ မီးထဲပါသွားကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြောသည်။

မတ်လ ၁၅ ရက် ည ၇ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ( PDF အဖွဲ့) ၇ ဦးရောက်လာပြီး သေနတ်များပစ်ဖောက်ကာ လဝကရုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လူတွေတော့ ထိခိုက်မှုမရှိဘူး။ အချက်အလက်ကတော့ တစ်သိန်းကျော်လောက်ရှိမှာပေါ့ မီးထဲပါသွားတာ။ မှတ်ပုံတင်အချက်အလက်ဆိုတာက အရမ်းအရေးကြီးတဲ့ဟာတွေလေ။ သူတို့က ဓာတ်ဆီလောင်းပြီးရှို့တာ” ဟု အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

လူပေါင်း တစ်သိန်းကျော်၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့နှင့်သက်ဆိုင်သည့် အချက်အလက်များ မီးလောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

မီးလာရှို့ချိန် ရုံးထဲတွင် ဝန်ထမ်းအချို့ရှိနေပြီး သေနတ်ပစ်ဖောက်သံများကြားသဖြင့် ထွက်ပြေးခဲ့ရကြောင်း၎င်းက ဆက်လက်ပြောဆိုသည်။

ရေဖြူမြို့ခံတစ်ဦးကလည်း ည ၇ နာရီဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ကြားရသည်ဟု ဆိုသည်။

“သေနတ်သံတွေ စကြားတုန်းကတော့ ထွက်မကြည့်ရဲဘူး။ မီးလောင်နေတယ်ပြောသံကြားမှ ကိုယ့်နားမှာ လောင်နေတာဆိုတော့ ကိုယ့်ဆီကူးမှာစိုးလို့ ထွက်ကြည့်တာ လဝကရုံးထဲမီးလောင်နေတာမြင်ရတာပဲ” ဟု အဆိုပါဒေသခံက ပြောသည်။

ရေဖြူလဝကရုံးအား မည်သည့်အဖွဲ့က မီးရှို့ခဲ့သည်ကိုမူ မသိရသေးပေ။

ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ရေဖြုမြို့နယ် ပညာရေးမှူးနေသည့် ဝန်ထမ်းအိမ်ရာကို ဓာတ်ဆီမီးပုလင်းဖြင့်ပစ်ပေါက်ခံရဖူးသည်။

ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ကလည်း ဌာနဆိုင်ရာရုံးများရှိသည့် ရေဖြူဈေးအနီး ဗုံးပေါက်ကွဲခဲ့ဖူးသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း ရေဖြူမြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) ရုံး ဖောက်ခွဲတိုက်ခိုက်ခံရဖူးသည်။