ကဏန်းမဲဈေးထပ်တက်၊ တစ်ပိဿာ ကျပ်တစ်သောင်းခုနစ်ထောင်ဖြစ်လာ

0
2395

မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းသည် မတ်လအစမှ စပြီး ထပ်တက်သဖြင့် တစ်ပိဿာလျှင် တစ်သောင်းခုနှစ်‌ထောင်ကျပ် ဖြစ်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ယခင်က ဂဏန်းမဲ (ဆိုဒ်စုံ) တစ်ပိဿာလျှင် တစ်သောင်းသုံး‌ထောင်ကျပ်ရှိခဲ့ရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလ လလည်ခန့်မှစပြီး တစ်ပိဿာလျှင် တစ်သောင်းကျပ်အထိ ထိုးကျခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလမှစပြီး တစ်ပိဿာလျှင် ခြောက်ထောင်ကျပ်အထိ မြင့်တက်လာသည်။ ယခုမတ်လအစတွင် တစ်‌ထောင်ကျပ် ဈေးထပ်တက်လာကြောင်း ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

“ခုဆို တစ်သောင်းခုနစ်ထောင်ဈေးပေါ့။ ကဏန်းဈေးကောင်းတော့ ကဏန်းက သိပ်မရပြန်ဘူး” ဟု အင်းလေးကမ်းရပ်နေ ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။

ကဏန်းဈေးကောင်းနေဖြင့် ဆယ့်ငါးရက်တစ်ကြိမ် ကဏန်းဖမ်းလျှင် ကဏန်းကောင်ရရှိမှုအပေါ်မူတည်ကာ အများဆုံး ကျပ်ခြောက်သိန်းမှ အနည်းဆုံး လေးသိန်းကျပ် ရရှိနေကြောင်း ၎င်းက ဆိုသည်။

လေးသိန်းကျပ်ရရှိသည်ဆိုလျှင် နှစ်သိန်းကျပ်မှ နှစ်သိန်းငါးသောင်းကျပ်အထိ အမြတ်ကျန်ကြောင်း ၎င်းက ပြောဆိုသည်။

“ကဏန်းအရနည်းတဲ့အချိန်လည်းရှိတယ်။ အရနည်းတယ်၊ ဈေးကောင်းနေရင် ပြဿာနာမရှိဘူး” ဟု အင်းလေးမြိုင်ရပ်နေ ဂဏန်းဖမ်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကဏန်းဈေး တစ်ပိဿာလျှင် တစ်သောင်းကျပ်သာ ဈေးရှိစဉ်က ဆယ့်ငါးရက်တစ်ကြိမ် ဂဏန်းဖမ်းရာတွင် နှစ်သိန်းကျော်အထိသာ ရရှိလေ့ရှိကြောင်း ဂဏန်းဖမ်းလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။

ယင်းအချိန်က ကဏန်းဖမ်းလုပ်ကိုင်သူအချို့ လုပ်ငန်းရပ်နားခြင်း၊ ငပိလုပ်ငန်း၊ သစ်ခုတ် (အိမ်သုံးထင်း) လုပ်ငန်း စသည့် အခြားလုပ်ငန်းတို့အား ပြောင်းလဲလုပ်ကိုင်ခဲ့ကြကြောင်း ၎င်းတို့က ပြောပြသည်။

“အချို့က လုံးဝနားလိုက်တာ။ ဈေးကောင်းရလို့ ပြန်လုပ်လာတဲ့သူလည်းရှိတယ်။ အမျိုးမျိုးပါပဲ။ တစ်ခုမရရင် အဆင်ပြေတဲ့ဟာ ပြောင်းလုပ်ကြတာပဲ။ ဒါမှ စားဝတ်နေရေးအဆင်ပြေမှာကိုး” ကျွန်းစုမြို့နယ် ကျေးရွာတစ်ခုမှ ကဏန်းဖမ်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ကဏန်းဈေးကောင်းရခြင်းမှာ ထိုင်းဘက်က ပေးသည့်ဈေး အနည်းအများအပေါ်မူတည်ကြောင်း ကဏန်းမဲအရောင်းအဝယ်လုပ်ကိုင်သူအချို့က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်က ကဏန်းမဲဆိုဒ်စုံ တစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်မှ အများဆုံး နှစ်သောင်းရှစ်ထောင်ကျပ်အထိ ဈေးကောင်းရခဲ့ပြီး ရောဂါဖြစ်ပြီးနောက် ဈေးနှုန်း တဖြေးဖြေး ထိုးကျခဲ့ခြင်းဖြစ်သည်။

မြိတ်ဒေသထွက် ကဏန်းမဲအပါအဝင် ရေထွက်ကုန်အချို့တို့အား မော‌တောင်-စင်ခွန်းနယ်စပ်ဂိတ်မှ ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြသည်။

အဆိုပါ ကဏန်းမဲတို့အား သစ်သားခွံ စက်တပ်လှေငယ်များဖြင့် မြစ်၊ ချောင်းများအတွင်း ဒီရေရောက်သည့်အချိန် ကဏန်းခုတ် (သံမြုံး) တို့ဖြင့် ဖမ်းယူလေ့ရှိကြသည်။