ပုလော ကဗျာရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ

0
2513

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဗျာကျေးရွာအနီးတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများရှိကြောင်း ပုလော ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်းက ယနေ့ မတ်လ ၁၄ရက် ညတွင် ထုတ်ပြန်သည်။

မတ်လ ၁၂ရက် ည ၆နာရီခန့်က ကဗျာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) တပ်ရင်းအပါအဝင် မဟာမိတ်ပူးပေါင်းတပ်တို့ကြား ပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွား ကြောင်း ဖော်ပြသည်။

ယင်းနောက် ည ၇ နာရီခွဲတွင် ဒုတိယအကြိမ်နှစ်ဖက် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိ တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ရဲဘော် သုံးဦးနှင့် မဟာမိတ်တပ်ပေါင်းစုက ရဲဘော် နှစ်ဦးကျဆုံးသွားကြောင်း ဖော်ပြသည်။

စစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲကြောင့် မင်းထိန်၊ လက်ပံပြင်နှင့် ကဗျာရွာကဒေသခံများ တောအတွင်း ရှောင်တိမ်းခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပုလောမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာသလို လောင်စာဆီဖြတ်တောက်မှုနှင့် အရပ်သားများဖမ်းဆီးမှုကိုလည်း စစ်ကောင်စီတပ်က ဆက်တိုက်ပြုလုပ်လာ နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပုလောမြို့နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသဖြင့် မိဘပြည်သူများ လုံခြုံရေး အမြဲသတိရှိရန်၊ စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန်၊ မလိုအပ်ပဲခရီးမသွားကြရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် မဟာမိတ်တပ်ပေါင်းစုက တိုက်တွန်းထားသည်။