ဘုန်းကြီးကျောင်းမုခ်ဦး ပြိုကျပြီး ယာဥ်မောင်းသေဆုံး

0
2401
ဓာတ်ပုံ - ဖြူစင်မေတ္တာပရဟိတ

မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း မုခ်ဦးပြိုကျပြီး ယာဥ်မောင်းတစ်ဦး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းနှင့် ဒေသခံများထံမှသိရသည်။

မတ်လ ၁၃ ရက်ညနေ ၄ နာရီခန့်က ကျောက်ဖျာကျေးရွာ၊ ရှင်ကဇိန်ဘုန်းတော်ကြီးကျောင်းမုခ်ဦး မြေသယ်ကား အနောက်ကိုယ်ထည်ဖြင့်ချိတ်မိပြီး ကားခေါင်းပေါ်ပြိုကျသဖြင့် ယာဥ်မောင်း သေဆုံးသွားသည်ခြင်းဖြစ်သည်။

“တင်ပါကိုမချမိပဲနဲ့ မေ့ပြီးမောင်းထွက်သွားရာမှာ မုဒ်ပေါက်နဲ့ချိတ်မိပြီး ကားပေါ်လာပြိုကျသွားတာပါ”ဟု လိုက်ပါကူညီပေးခဲ့သည့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။

မြေသယ်ယာဉ် နောက်ကိုယ်ထည်ကို ထောင်ကာမြေကြီးချအပြီးတွင် နောက်ကိုယ်ထည်ကိုပြန်မချဘဲ ထောင်ထားမိသဖြင့် အနောက်ကိုယ်ထည်နှင့် ချိတ်မိပြီး မုခ်ဦးတစ်ခုလုံး ကားခေါင်းပေါ် ပြိုကျသွားခြင်းဖြစ်သည်။

“လွတ်တယ်ထင်ပြီး မောင်းလိုက်တာလား။ ဒါမှမဟုတ် မေ့ပြီးမချမိတာလား နှစ်ခုမှာ တစ်ခုပဲ”ဟု ကျောက်ဖြာရွာနေ ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ်ရှိ ချမ်းငြိမ်းအောင် ဖြစ်ပြီး ၎င်းမိသားစုရှိရာ ကျွန်းစုမြို့နယ်၊ကတ္တလူရွာသို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း လိုက်ပါကူညီခဲ့သည့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။