ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးက ထိုင်းနိုင်ငံသား ၄ ဦးကို ကတ်ကြေးဖြင့် လိုက်ထိုး

0
2815

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးကို ကတ်ကြေးဖြင့် လိုက်ထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မတ်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းရှိ အဝတ်လျှော်ဆိုင်တွင်  ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ မောင်အောင်ထွေးနိုင်အမည်ရှိသော မြန်မာအလုပ်သမားသည် ၎င်းနှင့်အတူ ပင်မင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးကို ကြိုက်နေသော်လည်း ယင်းအမျိုးသမီးက ပြန်မကြိုက်၍ ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။

၎င်းနှင့်အတူလုပ်ကိုင်နေသော စုကန်ယားအမည်ရှိ ထိုင်းအမျိုးသမီးကို ကြိုက်နေခဲ့ခြင်းဖြစ်ပြီး လက်ဆောင်ပစ္စည်များနှင့် သူမလိုအပ်သည်များကို မကြာခဏဝယ်ပေးလေ့ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း သူမသည် မြန်မာအမျိုးသား၏ ခံစားချက်ကို လက်ခံမပေးဘဲ ငြင်းဆန်ခဲ့ကြောင်း ဖော်ပြထားသည်။

မောင်အောင်ထွေးနိုင်မှာ ထိုင်းအမျိုးသမီး၏ လက်မောင်းကို ကတ်ကြေးဖြင့် ထိုးလိုက်ခြင်းကြောင့် ထွက်ပြေးသော်လည်း နောက်မှလိုက်၍ ကတ်ကြေးဖြင့် အကြိမ်ကြိမ်လိုက်ထိုးခဲ့ကြောင်း စီစီတီဗီ မှတ်တမ်းအရတွေ့ရသည်။

ဝင်ရောက်ဖျန်ဖြေပေးသည့် လုပ်ဖော်ကိုင်ဖက် ထိုင်းအမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ပါ ကတ်ကြေးဖြင့် အထိုးခံရပြီး တစ်ဦးမှာ ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ကတ်ကြေးဖြင့်အထိုးခံရသော ထိုင်းနိုင်ငံသား ၄ ဦးစလုံးကို ကော့စမွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အားလုံးသည် မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားသည် အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ကော့ဖငန်းရဲတပ်ဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များမှ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပင်မင်းဆိုင်နှင့် ၁၀ ကီလိုမီတာအကွာတွင်ရှိသော ကျောက်တုံးကြီး၏ အနောက်တွင် ပုန်းနေသည့် မြန်မာအလုပ်သမားကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ 

ကျူးလွန်ခဲ့သော မြန်မာအမျိုးသားကို ကော့ဖငန်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းကို လူသတ်ရန်ကြံစည်မှု၊ တခြားသူကို ထိခိုက်ဒဏ်ရာရရှိစေမှုများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။

 Ref: The Thaiger, Khaosod Online, CH 8