မြိတ်စက်မှုဇုန်တွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုယက်ခံရ

0
2287

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုံအတွင်း ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှု ဆက်တိုက်ဖြစ်လာကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

ဗင်းန်တော့ကုမ္ပဏီအနောက်ဘက်လမ်းတွင် မတ်လ ၉ရက် ည ၈နာရီဝန်းကျင်က ဆိုင်ကယ်လုယက်ခံရပြီး မတ်လ ၁၁ရက် ည ၉နာရီဝန်းကျင်တွင်လည်း လက်ကိုင်ဖုန်းလုယက်ခံရကြောင်း ကုမ္ပဏီအနီးနေထိုင်သူများနှင့် ဝန်ထမ်းများက ပြောသည်။

မတ်လ ၉ရက် ည ၈ နာရီခန့်က ကုမ္ပဏီသို့ ထမင်းချိုင့်ပို့ရန်လာသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးကို ဗင်းန်တေ့ခ်ျ ကုမ္ပဏီအနောက်လမ်းတွင် ဆိုင်ကယ်နှစ်စီးနှင့် လူငယ်သုံးဦးက လမ်းပိတ်ဟန့်တားပြီး ဓားထောက် ခြိမ်းခြောက်ကာ ဆိုင်ကယ်အား လုယူမောင်းပြေးသွားကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် မတ်လ ၁၁ ရက်ည ၉ နာရီဝန်းကျင်တွင်လည်း ယင်းလမ်း၌ မြေးအဖိုးနှစ်ဦး လမ်းလျှောက်လာစဉ် လူငယ်တစ်ဦးက အသက် ၁၁ နှစ်ဝန်းကျင်အရွယ် မြေးမလေးထံမှ ဖုန်းကို လုယူပြေးသွားကြောင်း မျက်မြင်တွေ့ရှိသူ အချို့ ပြောသည်။

ယင်းအချိန်တွင် ဆိုင်ကယ်တစီးနှင့် လူငယ်နောက်တစ်ဦးက မောင်းလိုက်သွားပြီး ဖုန်းလုသူကို တင်ဆောင်ထွက်ပြေး သွားကြောင်း ၎င်းတို့က ဆိုသည်။

“ဖုန်းကိုင်ပြီး ဟိုနားဒီနားတောင် မသွားရဲတော့ဘူး။ ဒီအနားဝန်းကျင်မှာကို လုယက်မှုတွေက တအားများလာတယ်” ဟု ကုမ္ပဏီအနီး အသုပ်မျိုးစုံရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းပြင် မတ်လပထမအပတ်ကလည်း ဗင်းန်တေ့ကုမ္ပဏီအတွင်းလမ်း၌ ဖုန်းလုပြေးမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းများ ဝိုင်းလိုက်ရာ လုပြေးသူမှာ ဆိုင်ကယ်ပစ်ထားရစ်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ဝန်ထမ်းများက ပြောသည်။

ဗင်းန်တေ့ကုမ္ပဏီနှင့် ရေနန်းသူဇာကုမ္ပဏီအနောက်ဖက်လမ်းတွင် ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း လူတစ်စုက ညအချိန် ဓါးရှည်ကိုင်ဆောင်ကာ ဖုန်းနှင့်ပိုက်ဆံများ လုယက်ခဲ့ကြသေးသည်။

ယင်းနောက် CCTV မှတစ်ဆင့် ခြေရာခံကာ ရဲများက သွားရောက်ဖမ်းဆီးရာ ဓါးရှည်ကိုင် လုယက်သူနှစ်ဦး ဖမ်းဆီးရမိခဲ့သည်ဟု ကုမ္ပဏီအနီးနေထိုင်သူများနှင့် ဝန်ထမ်းများက ပြောဆိုကြသည်။

လုယက်မှုကျူးလွန်နေသည့် လမ်းတွင် လူနေအိမ်ခြေမရှိဘဲ လုပ်ငန်းဂိုဒေါင်နှင့် ချုံပုတ်များသာရှိသည်ကြောင့် ၎င်းတို့အတွက် လုယက်ရန် အခွင့်အလမ်းဖြစ်နေကြောင်း ရပ်ကွက်နေသူများက ပြောသည်။

ယင်းလမ်းကို ရေလုပ်သားများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အများပြည်သူတို့ အသုံးပြုသွားလာနေကြသည်။