ခေတ်ပျက်မှာ ရှင်သန်နေရတဲ့ကလေးတွေ

0
2736

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်းကြောင့် ကလေးငယ်များမှာ လွတ်လပ်စွာရှင်သန်ခွင့် မရကြတော့ပေ။

အချို့ကလေးများမှာ ပဋိပက္ခဒေသတွင် နေထိုင်ကြရသဖြင့် သွေးသံရဲရဲများ၊ သေဆုံးမှုများကဲ့သို့ အနိဋ္ဌာရုံများကို နေ့စဉ်ထိတွေ့နေကြရသည်။

အချို့ကလေးများမှာတော့ တိုက်ပွဲဖြစ်ပွားရာ ဒေသများအတွင်း ရှိနေသောကြောင့် သေနတ်သံများ၊ ပစ်ခတ်တိုက်ခိုက်သံများ၊ လေယာဉ်သံများ စသဖြင့် ကြုံတွေ့ကြရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည်။

အချို့မှာမူ နိုင်ငံပြင်ပတွင် အခက်အခဲမျိုးစုံ အကြားတွင် ရှင်သန်နေထိုင်ကြရပြန်သည်။

ကလေးများမှာ ကလေးပီပီရှင်သန်ခွင့် မရကြတော့။ အခက်အခဲ အကျပ်အတည်းများစွာကို အရွယ်နှင့်မမျှအောင် ကြုံတွေ့ ဖြတ်သန်းနေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် မတူညီသောဒေသများမှ ကလေးမိဘများကို တွေ့ဆုံမေးမြန်းကာ တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။

“ရွာမှာလူတွေသေနေတဲ့ပုံတွေ ကြည့်ချင်လို့ သူတို့ကို(ကလေးတွေ)လိုင်းထက်မှာ ရှာခိုင်းနေရသေးတာ”

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာ ဒေသခံတစ်ဦး

DW။ အခုစစ်ဘေးရှောင်နေရတဲ့ အခြေအနေလေး ပြောပြပါ။

ဖြေ ။ အခုကတော့ (–)ရွာမှာလာနေတယ်။ အစ်မဝမ်းကွဲအိမ်မှာပေါ့။ ဒီမှာပဲသူတို့နဲ့ ချက်ပြုတ်စားပြီး နေနေတယ်။ ဝိုင်းလုပ်ဝိုင်းစား ပုံစံမျိုး‌ပေါ့။

DW ။ အခုစစ်ဘေး‌ရှောင်နေရတဲ့ထဲမှာ ကလေးတွေလည်းပါတယ်ဆိုတော့ သူတို့ကရော အဆင်ပြေကြလား။

ဖြေ ။ ဒီမှာတော့အဆင်ပြေပါတယ်။ စဖြစ်တဲ့နေ့ကပဲအဆင်မပြေတာ။ ကလေးတစ်ဖက်နဲ့ဆိုတော့ သူများပြေးသလိုပြေးမရဘူး။ တောထဲရောက်တော့ ငိုငိုရီရီပဲ။ သူတို့လည်းကြောက်ကြတာပေါ့။ သစ်ပင်တွေအောက်မှာ အိပ်ရတာကိုး။ သူတို့အဲဒီလိုမျိုးတစ်ခါမှအိပ်ဖူးဘူးလေ။ သစ်ပင်တွေ လေတိုက်နေတာကအစ ကြောက်ပြီးငိုတာ။ ငိုနေရင် စစ်တပ်ကကြားရင် လာပစ်သတ်လိမ့်မယ် အဲဒီလိုခြောက်ပြီး အတင်းအိပ်ခိုင်းနေရတယ်။

DW ။ ကလေးကိုအဲဒီလိုမျိုးခြောက်လှန့်လို့ မကောင်းဘူး။ စိတ်ထိခိုက်တတ်တယ်။ ဘာလို့အဲဒီလိုခြောက်လှန့်ရတာလဲ။

ဖြေ ။ ‌ငိုနေတော့ အိပ်အောင်ဆိုပြီး ပြောလိုက်တာ။

DW ။ ကလေးတွေကို ခြောက်လှန့်လို့မရဘူး။ သွေးသံရဲရဲဓာတ်ပုံတွေပြလို့မရဘူး။ ဗီဒီယိုတွေကြည့်ခိုင်းလို့မရဘူး။ အဲဒါတွေ‌သိလား။

ဖြေ ။ မသိဘူး။ သူများတွေလည်း ဒီအတိုင်းပဲလေ။

DW ။ အစ်မရဲ့ကလေးက ဖုန်းကြည့်လား။ ဖုန်းထဲမှာ လူသေနေတဲ့ပုံတွေ၊ သွေးတွေနဲ့ဗီဒီယိုတွေ အဲဒီလိုမျိုးတွေ ကြည့်တာမျိုးရှိလား။

ဖြေ ။ ရှိမှာပေါ့။ သူတို့ဘာသာကြည့်နေတာ ကြည့်နေပါစေဆိုပြီးပဲ ထားထားတာပေါ့။

DW ။ အဲဒီလိုမျိုး ပုံတွေကြည့်နေတာမြင်ရင် မတားဘူးလား။

ဖြေ ။ ဟင့်အင်း။

DW ။ ဘာဖြစ်လို့မတားတာလဲ။

ဖြေ ။ ဘာဖြစ်လို့တားရမှာလဲ။ သူ့ဘာသာကြည့်နေတာကို။ ရွာမှာလူတွေသေနေတဲ့ပုံတွေ ကြည့်ချင်လို့ သူတို့ကို (ကလေးတွေ) လိုင်းထက်မှာ ရှာခိုင်းနေရသေးတာ။ ငါက ဖုန်းမလုပ်တတ်ဘူး။ အမေ ဒီမှာရွာကလူတွေ သေနေတယ်ဆိုပြီး သူတို့လာပြမှသိတာ။

(အောက်ကျောက်ဝပ်ကျေးရွာ ဒေသခံ ၆ ဦးကို တစ်နေရာတည်းတွင် စစ်ကောင်စီတပ်က ပစ်သတ်သွားသည့် ရုပ်ပျက်ဆင်းပျက်အလောင်းပုံများကို ဆိုလိုခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်မှာ မတ်လ ၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။)

DW ။ အဲဒီ လူသေအလောင်းပုံတွေမြင်ပြီး စိတ်ထဲဘယ်လိုဖြစ်မိလဲ။

ဖြေ ။ စိတ်မကောင်ဘူး။ တော်တော်ရက်စက်တာပဲ။ ငါ့မှာလေ အဲဒီပုံတွေမြင်ပြီး ညအိပ်လို့တောင်မရဘူး။ မျက်စိထဲ အဲဒီပုံတွေပဲမြင်နေတာ။ ငါကသွေးသံရဲရဲဆိုကြည့်လို့မရဘူး။ အပြင်မှာဆိုရင်။

DW ။ လူကြီးတောင်မှ အဲဒီလိုသွေးသံရဲရဲပုံတွေမြင်ရင် ညအိပ်လို့မရဖြစ်သေးတာ ကလေးဆိုရင် ဘယ်လိုနေမယ်ထင်လဲ။

ဖြေ ။ မသိပါဘူး။ ငါလည်းသူတို့လို မလုပ်တတ် (မိုဘိုင်းဖုန်းကိုဆိုလို) ဘူးဆိုတော့ သူတို့လာပြမှကြည့်ရတာ။

DW ။ ကျေးဇူးတင်ပါတယ်။

“စစ်တပ်လာပြီဆိုရင် ကလေးတွေလည်း ကြောက်ကြတာပဲ”

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာမှ အသက် ၈ နှစ်အရွယ်ကလေး၏ ဖခင်

DW ။ ပုံမှန်တိုင်းဆို ကလေးတွေက ကျောင်းသွားမယ်၊ ကစားမယ်၊ အိမ်မှာလည်း ဝိုင်းလုပ်ကူပြီး ကစားမယ်။ အခုချိန်မှာက လွတ်လွတ်လပ်လပ်လည်း သွားလာမရဘူး။ မိဘတွေအနေနဲ့လည်း အဝေးအလံကြီး လွှတ်မရဲဖြစ်နေတယ်ပေါ့နော်။

ဖြေ ။ အဲဒီလိုပဲဖြစ်နေတယ်။ ပညာရေးလည်းမရှိ။

DW ။ ဘယ်နှစ်တန်းနဲ့ ကျောင်းနားထားလဲ။

ဖြေ ။ ပထမတန်းနဲ့ ကျောင်းနားထားတယ်။ ကိုဗစ်တည်းက နားထားတာပေါ့။ ကျူရှင်တွေဘာတွေထားပေးဆို အိမ်မှာ တူမတစ်ယောက်ရှိတယ်။ တူမကိုပဲ သင်ခိုင်းထားတယ်။ ဖတ်တတ်ရေးတတ်အောင် တူမကိုပဲ သင်ခိုင်းထားတယ်။

DW ။ စကစကျောင်းလည်း မထားထားဘူးဆိုတော့ ပုဂ္ဂလိကကျောင်းရော ဘာလို့မထားပေးလဲ။ ဘယ်လိုကြောင့်လဲ။

ဖြေ ။ ဘယ်လိုပြောရမလဲ။ အကြောင်းကြောင့်ပေါ့။ မထားချင်တဲ့ ဆန္ဒလည်းရှိတယ်။ ကြိုပို့ရတာ ဝေးရင်လည်း ထားခဲ့ရဖို့ စိတ်မချတာလည်းရှိတယ်။ သွားရေးလာရေးလည်း လမ်းမှာ အခက်အခဲတွေ့နိုင်တယ်။

DW ။ ကျောင်း ၃ နှစ်နားထားရတဲ့အတွက် ကလေးပညာရေးအတွက် ဘယ်လို ပူပန်ရတာရှိလဲ။ ဘယ်လိုခံစားရလဲ။

ဖြေ ။ ပညာရေးတွက်တော့ နှောင့်နှေးတယ်ပေါ့။ စိတ်မချဘူးဆိုတော့ ကိုယ်လည်းဘာမှလုပ်မရဘဲ။ တစ်ယောက်တည်းလည်း မဟုတ်ဘဲ။ ရွာနဲ့ ရပ်နဲ့ နိုင်ငံနဲ့ချီပြီးပဲဖြစ်နေတာ ကိုယ့်တစ်ယောက်တည်းလည်း မဟုတ်ဘူးဆိုတော့။

DW ။ အခုကာလမှာ နှစ်ဖက်ပစ်ခတ်မှု၊ သတ်ဖြတ်မှုတွေလည်းဖြစ်နေတယ်၊ ပြေးရလွှားနေရတာတွေလည်း ရှိတယ်။ အဲဒီလိုတွေနဲ့ ပက်သက်ပြီး ကလေးတွေက ကိုယ်တိုင်မြင်ရတာမျိုး ကြားရတာမျိုး ကြုံရတာမျိုးတွေရှိလား။

ဖြေ ။ အဲဒီလိုမျိုးတော့ ကျွန်တော်တို့နားမှာ မရှိသေးဘူး။ ပြေးလွှားတာကလည်း ကျွန်တော်တို့နားမှာ အဲဒီလောက်ထိ တိုက်ပွဲတွေ ဘာတွေဖြစ်တာ မရှိသေးဘူး။ ဖြစ်လည်း လမ်းမှာလောက်ပဲဖြစ်တယ်ဆိုတော့ အဲဒီလိုတွေ့ကြုံရတာ မရှိသေးဘူး။ တောတွေတောင်တွေထဲရှောင်ရင် ပိုဆိုးတာပေါ့။ တောတွေတောင်တွေက သူတို့သွားလာနေကြနေရာတွေချည်းပဲကိုး။ ကျွန်တော်တို့တော့က ကိုယ့်အိမ်မှာပဲ ကိုယ်နေတယ်။ တောတောင်တွေထဲ ရှောင်တာမျိုးတော့မရှိဘူး။

DW ။ ကလေးတွေက အခုကာလမှာ ကျောင်းလည်းမနေရဘူး။ သူငယ်ချင်းတွေနဲ့လည်း အဝေးကြီးသွားဆော့မရဘူးဆိုတော့ ကလေးတွေမှာ ပြောင်းလဲလာတာမျိုးရှိလား။

ဖြေ ။ ကလေးတွေက အရင်တုန်းကလိုမျိုး မပျော်ရဘူးလေ။ သူငယ်ချင်းတွေနဲ့ တူတူကစားတာတွေမျိုး တူတူသွားလာတာတွေမျိုး မရှိတော့ဘူးလေ။ မိဘတွေနဲ့ သွားလာတဲ့အခါမှ ခဏတဖြုတ် စကားပြောစားရတာမျိုးပေါ့။ သူတို့မှာ အဲဒီလိုစိတ်တွေတော့ရှိတယ်ပေါ့။ သူတို့လည်း လွတ်လွတ်လပ်လပ် သွားလာမရဘူးဆိုတော့။ အရမ်းတော့ မချုပ်ချယ်ဘူး။ အခုလို ညနေပိုင်းလောက်ဆို သူငယ်ချင်းတွေနဲ့ သွားကစားခိုင်းလိုက်တယ်။ ညနေပိုင်း ၄ နာရီခွဲ ၄ နာရီလောက်ဆို သူ့အချိန်နဲ့သူ ပြန်လာပေါ့။ ကိုယ့်သားကို ကိုယ့်ဘာကိုယ်တော့ စည်းကမ်းထုတ်ထားရတာပေါ့။ အဲဒီလိုလျှောက်လွတ်ထားလို့တော့ မရဘဲကိုး။ ပြောဆိုတွေနဲ့ ပက်သက်ပြီးတော့လည်း အဲဒီလိုတွေပြောမရဘူးဆိုမရဘူးဆိုပြီး သင်ထားရတာပေါ့။

ကလေးတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ခံစားမှုချင်းမတူဘူးပေါ့လေ။ ရွာထဲမှာတောင် မတူတဲ့ အနေထားတွေ ရှိကြသေးတာကိုး။ ကလေးတွေဆိုလည်း ကလေးတွေအထိုက်အလျောက်ပေါ့။ ကြောက်စိတ်ရှိတဲ့ သားသမီးတွေလည်းရှိမယ်။

DW ။ အခုလက်ရှိ ကလေးတွေက ကလေးပီပီမကြီးပြင်းရတဲ့ ပုံစံမျိုးတွေတော့ ရှိတယ်ပေါ့နော်။

ဖြေ ။ အင်း ရှိတယ်။ အဲဒီလိုတော့ ဖြစ်နေတယ်။ လွတ်လပ်မှုမရှိဘူး။ စစ်တပ်လာပြီဆိုရင် ကလေးတွေလည်း ကြောက်ကြတာပဲ။ အသံကြားတာနဲ့ကို ကြောက်နေကြတာ မြင်ရင်ပိုဆိုးတာပေါ့။ ကလေးတွေလည်း သိကုန်ပြီကိုး။ တော်တော်များများကိုမဟုတ်ဘူး များများကို ကြောက်ကြတယ်။ အသံကြားတာနဲ့ အိမ်ထဲဝင်နေတာမျိုး အသံမထွက်ပဲ ငြိမ်နေကြတာမျိုးပေါ့။

DW ။ ချုပ်ပြောရင် ကလေးတွေက အရင်တုန်းကလိုမျိုး လွတ်လွတ်လပ်လပ်နေမရဘူး။ လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့်မရဘူး။ ကျောင်းနေရမယ့်အရွယ်မှာ စာသင်ခွင့်ဆုံးရှုံးနေတာမျိုး အနာဂတ်ပျောက်နေတာမျိုးပေါ့နော်။ ကြောက်စိတ်တွေနဲ့နေနေရတယ်ပေါ့နော်။

ဖြေ ။ အင်း ဆုံးရှုံးတာပေါ့။ အဲဒါတွေက ဆုံးရှုံးနေတာပေါ့။ အခုဆို ကျွန်တော်တို့ရွာဘက်မှာ အဲဒီလိုမျိုး လူတိုင်းဆုံးရှုံးနေတာပေါ့။ တစ်ရွာတည်းတောင် မဟုတ်ဘူး။ ရွာတိုင်းလိုလို ဆုံးရှုံးနေတယ်။

“တချို့ကလေးတွေဆို မပီကလာ ပီကလာနဲ့ သေနတ်တွေဝယ်ခိုင်းပြီး …………ကစားတယ်”

သရက်ချောင်းမြို့နယ်မှ အသက် ၁၃နှစ်ခန့်ရှိပြီဖြစ်သည့် ပဉ္စမတန်းကျောင်းသူတစ်ဦး၏ မိခင်

DW ။ အမသမီးက ဘယ်နှစ်တန်းရောက်ပြီလဲ။ ကျောင်းနားထားတာကရော ဘယ်နှစ်နှစ်ရှိပြီလဲ။

ဖြေ ။ ကျောင်းနားထားတာ ၃ နှစ်ဖြစ်ပြီ။ လေးတန်းအောင်ပြီး ငါးတန်းနဲ့ နားထားတယ်။ ကိုဗစ်တည်းက နားထားတယ်။

DW ။ ကျောင်းနားထားတယ်ဆိုတော့ ကျူရှင်ထားထားလား။

ဖြေ ။ ဆယ်တန်းတွေရှိနေတယ်ဆိုတော့ သူတို့ကို ပြခိုင်းတယ်။ အစတုန်းကတော့ မိသားစုထဲက သင်ပေးတာဆိုတော့ ကျူရှင်လခဆိုပြီးတော့ ပေးရတာမရှိဘူး။ နေ့တိုင်းသင်ပေးတယ် တစ်နေ့ကို ၃ နာရီပေါ့။ ကိုယ့်မိသားစုထဲကလူက သင်ပေးတော့ စာသင်ပေးသမားကိုလည်း ကလေးတွေက မထီဘူး။ မိသားစုထဲက သင်တာဆိုတော့ ကလေးတွေက များလာတာဆိုတော့ ဆရာမကိုလည်း ဆရာမလိုမျိုး ကလေးတွေက သဘောမထားဘူး။ အဲ့ဒါကြောင့် တခြားလူမှာ အပ်ထားတယ်။ ကျူရှင်ထားတာ တလလောက်ပဲရှိသေးတယ်။ သူတို့ သင်တာကတော့ သင်္ချာနဲ့ အင်္ဂလိပ်ကို အဓိကထားသင်ပေးတယ်။

စာသင်ပေးတဲ့ ဆရာက နေ့ဘက် အလုပ်လုပ်နေလို့ မအားရင်လည်း ညနေဘက်ကို သင်ပေးတယ်။ သူတို့က စီးပွားဖြစ်တော့ မဟုတ်ဘူး။ စေတနာနဲ့သင်ပေးတာပေါ့နော်။ ရွာထဲရပ်ထဲ အမှုကိစ္စရှိရင်လည်း နားတယ်ပေါ့နော်။

DW ။ ကျူရှင်မတက်တဲ့ အချိန်တွေမှာရော ကလေးက ဘာတွေလုပ်နေလဲ။

ဖြေ ။ ကျွန်မသမီးကတော့ သိပ်မကစားရဘူး။ မိဘကို အိမ်မှာလုပ်ကူရတယ်။ သူအားလပ်တဲ့အခါ ဖုန်းကြည့်တယ်၊ TV ကြည့်တယ်။ အချိန်တိုင်းတော့ မဟုတ်ဘူးပေါ့နော်။ အခုလို ညနေပိုင်းဆို ကျမတို့အိမ်နားက လယ်ကွင်းပြင်ဝိုင်းနဲ့ဆိုတော့ အဲဒီမှာသူတို့ဆော့ကြတယ်။ ပြီးရင် သစ်ပင် ဝါးပင်တွေ ရေလောင်းချိန်ဆို ရေလောင်း၊ ၄ နာရီခွဲလောက်ထိ ကစားပြီးရင် သစ်ပင်ရေတွေဘာတွေလောင်းပြီး ရေမိုးချိုးပြီးရင် ၆ နာရီထိုးလောက်ဆို ကျူရှင်တခါသွား ၈ နာရီထိုးရင်ပြန်။

စာသင်နေတဲ့ သားက နေ့ဘက်ကို ခရုကောက်နေတယ်။ ခရုကောက်မသွားရတဲ့နေ့ဆို မွန်းလွဲပိုင်းကို အတန်းကြီးတွေ သင်တယ်။ ညပိုင်းဆို သူတို့အတန်းငယ်တွေကို သင်တယ်။

DW ။ အခုကာလမှ ကလေးတွေက ကြောက်စိတ်တွေပိုများလာတာမျိုးရှိလား။ ပြောင်းလဲလာတာမျိုးတွေရှိလား

ဖြေ ။ ကြောက်စိတ်ကတော့ ပိုများတာပေါ့လေ။ ဘာလို့ဆို စစ်တပ်ကားတွေလာနေတယ်။ သေနတ်သံကြားနေတယ်။ TV ထဲမှာလည်း မြင်နေတွေ့နေတယ်။ လူကြီးတွေကလည်း ဟိုလူက တစ်မျိုးပြော ဒီလူက တစ်မျိုးပြောနဲ့ ကြောက်စိတ်တွေကလည်း ဟိုရွာမှာ ဒီလိုဖြစ်နေတယ်၊ ဒီလိုဖြစ်နေတယ်ဆို ကြောက်စိတ်တွေဖြစ်ကြတာပေါ့။ ဖုန်းထဲမှာတော့ အဲဒီလိုဟာတွေ မထည့်ခိုင်းထားဘူး။

လူကြီးဖြစ်တဲ့လူတွေက လူစိမ်းတွေမျိုးမေးစမ်းရင် ဘာမှ မသိဘူးဆိုပြီး သင်ပြထားရတာတွေတော့ရှိတာပေါ့။ မိဘတွေလည်း အရင်တုန်းကလိုမျိုး ကလေးတွေကို အဝေးကြီးအလံကြီးတွေမှာ သွားမကစားခိုင်းတော့ဘူး။ ကိုယ့်အိမ်နားတဝိုက် ကိုယ့်မိသားစုအိမ်နားတဝိုက်ပဲ ကစားခွင့်ရှိတယ်။ အစတုန်းကလိုမျိုး ယောက်ျားတွေဆိုလည်း လေးခွနဲ့ ရေချောင်းတွေ တောတောင်တွေထဲ သွားလာဆော့ကစားတာမျိုး ငှက်ပစ်ကြက်ပစ် သွားနေကြတယ်၊ အခုအဲ့လို လွတ်လွတ်လပ်လပ် မသွားရဘူး။

တချို့ကလေးတွေဆို မပီကလာ ပီကလာနဲ့ သေနတ်တွေဝယ်ခိုင်းပြီး TV ထဲမှာ အော်နေပြောနေသလိုမျိုး လိုက်လိုက်ပြီးတော့ အော်တယ်ပြောတယ်၊ ကစားတယ်။ အရင်ကဆို ပွဲလမ်းသဘင်တွေရှိရင် သေနတ်ပူဆာရင် ဝယ်ပေးကြတယ်။ အခုချိန်မှာ သေနတ်လိုတယ်ဆိုပြီး ပူဆာရင် လူကြီးတွေကလည်း မဝယ်ပေးဘူး။

အခုချိန်မှာ လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် လွတ်လပ်မှုဆိုတာ မရှိဘူးလိုမျိုးပဲ။ အရင်ကဆို ပိတိုင် ချောက်ချောင်းမှာ မုန့်သွားဝယ်စားမယ်။ ပိတိုင်မှာဆို ဘယ်ဆိုင်မှာ ဘယ်ဆိုင်မှာစားမယ် ။ ချောက်ချောင်းမှာ ဘာညာသွားဝယ်စားမယ်ဆိုတာမျိုးရှိတယ်။ အခုချိန်မှာ ကိုယ့်ရွာထဲမှာပဲ မှီပြီးတော့ နေနေရတယ်။ ဝေးဝေးလံလံဆိုလည်း မသွားကြတော့ဘူး။ တခြားရွာမှာ ဘုန်းကြီးပျံတွေမျိုးရှိရင်တောင် မသွားကြတော့ဘူး။ ပိတိုင်မှာ ရုတ်ရုတ်ဖြစ်တုန်းကဆို လူကြီးတွေ ပြေးကြလွှားကြတော့ သူတို့လည်း ပြေးကြလွှားကြတာပဲ။

“အခုက ကစားတာတွေ နည်းလာပြီး ဖုန်းကြည့်တာတွေ များလာတယ်”

ထိုင်းတောင်ပိုင်းရောက် အသက် ၉ နှစ်အရွယ် ကလေးမိဘတစ်ဦး

DW ။ ထိုင်းကို ကလေးခေါ်လာခဲ့ဖြစ်တာ ဘာကြောင့်လဲ။

ဖြေ ။ ကျွန်မကလေးက အခု ၉ နှစ်ရှိနေပြီ။ ဒုတိယတန်းအရွယ်ပေါ့။ ကလေးကိုက ကိုဗစ်စဖြစ်တည်းက ခေါ်ထားလိုက်တာ။ အာဏာမသိမ်းခင်တည်းက ကိုဗစ်ကာလ ကျောင်းတွေ ပိတ်တဲ့အချိန်တည်းကပေါ့။ ကျောင်းတွေဖွင့်တုန်းကတော့ အိမ်ကလူတွေ ကလေးကို ကျောင်းကြို ကျောင်းပို့လုပ်ပေးနိုင်တယ်ပေါ့နော်။ ရောဂါဖြစ်လို့ ကျောင်းတွေ ပိတ်လိုက်တော့ ကျောင်းမတက်ရတော့ဘူး။ နောက်တော့လည်း အာဏာက ဆက်သိမ်းလိုက်တယ်လေ။ အာဏာသိမ်းတာလည်း နှစ်နဲ့ချီနေပြီလေ။ ကျွန်မတို့က ထိုင်းမှာပဲလုပ်စားနေတာ (အလုပ်လုပ်နေတာ) ကြာပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းတွေ ပြန်ဖွင့်လာပေမဲ့လည်း အိမ်မှာက ကြည့်ပေးမယ့်သူတွေ မရှိတော့ဘူးဆိုတော့ သွားမထားနေတော့ဘူး။ ဒီမှာပဲ ထားထားလိုက်တော့တာ။

DW ။ ထိုင်းမှာ ကလေးတွေလည်း ရှိလာတယ်ဆိုတော့ ပညာရေးအတွက် ဘယ်လိုဆောင်ရွက်ပေးထားတာလဲ။

ဖြေ ။ ကလေးအကြီးတစ်ယောက်ကိုတော့ ဒီနားက ဆရာမနားပဲ အပ်ထားလိုက်တယ်။ အငယ်က အခုမှ ၆ လပဲရှိနေသေးတာ။ အခက်အခဲကတော့ ဘာမှသိပ်ရှိတဲ့အထဲမပါပါဘူး။ လုပ်ရင်းစားရင်းနဲ့ပဲ ဖြတ်သန်းရင်း ကလေးကတော့ ဆရာမနား စာသင်လိုက်ပေါ့။ တစ်နေ့တစ်နေ့ ပြီးနေတာပဲ။ ကလေးစရိတ်တွေကတော့ ကျွန်မယောက်ျားတစ်ယောက်တည်း လုပ်စားရင်းနဲ့ လူးလေ့နေရတာပဲ။

DW ။ ကလေးပညာရေးနဲ့ပတ်သက်လို့ကော ထိုင်းနိုင်ငံမှာ အပြည့်အဝရနိုင်တယ်လို့ ခံစားရမိသလား။

ဖြေ ။ ဒီလိုမျိုးပဲ ရနေတာပဲ။ အစကတော့ စာတွေမသင်ခင်တုန်းကတော့ ဘာမှမရဘူးပေါ့။ အခုတော့ စာတွေ ဖတ်လို့ရသွားပြီ။ ဖတ်တတ်သွားပြီ။ ကျောင်းမှာ ထားထားတဲ့ပုံစံလိုမျိုးပဲ ရနေတယ်။ ထိုင်းကို ရောက်လာတာ ပိုတောင်အဆင်ပြေသလို ခံစားရတယ်။ သူတို့အတွက်ပြောတာ။ ဒီမှာက ကျောင်းတော့မဟုတ်ဘူးလေ။ ကျူရှင်စာသင်ဝိုင်းလေးလိုပေါ့။ အိမ်နဲ့ နီးနီးလေး။ ကစားချိန်တွေက ပိုများနေတယ်ဆိုတော့ ပိုပျော်နေကြတာပေါ့။

DW ။ ကလေးတွေက ကစားနည်းတွေကော ဘယ်လိုပုံစံမျိုးနဲ့ ကစားနေကြတာလဲ။

ဖြေ ။ သူတို့က အိမ်ခန်းတွေထဲမှာ သူတို့သူငယ်ချင်းတွေနဲ့ စုပြီးတော့ ကစားကြတယ်။ သူတို့ သူငယ်ချင်းတစ်အုပ်လုံးကလေ အိမ်နားမှာ ချုံလေးတစ်ခုရှိတယ်။ အဲနားက သစ်ပင်တွေပေါ်မှာ ပြေးလိုက်၊ ဆော့လိုက်၊ ပုန်းလိုက်၊ တို့လဲဗူး (လူဖွက်တမ်းကစားနည်း) တွေ ကစားနေကြတာပဲ။ ခြင်းလုံးတွေ ခပ်ကစားတာ၊ ဘောလုံးတွေနဲ့ကန်ကစားတာ။ သရေကွင်းတွေနဲ့ ကစားတာ။ ရသလိုတော့ ကစားနေကြတာပဲ။ ဒါပေမဲ့လည်း အခုက ကစားတာတွေ နည်းလာပြီး ဖုန်းကြည့်တာတွေ များလာတယ်။ ဖုန်းကတော့ သူတို့ဘာသာ ကြည့်တတ်နေပြီ။ ကျွန်မတို့ထက်တောင် ကျွမ်းကျင်နေသေး။ ဖုန်းထဲက ဂိမ်းတွေ ကစားနေတာ။ မြန်မာမှာတုန်းကတော့ ဘယ်ကစားတတ်အုံးမလဲ။ အခုကတော့ ဘောရှိ (သဘော) ဖြစ်နေတယ်ဆိုတော့ အကုန်ကျွမ်းကျင်နေပြီ။

DW ။ အိမ်းနားက စာသင်ဝိုင်းလေးမှာရော ဘာတွေ သင်ရလဲ။ အဲစာသင်ဝိုင်းလေးကရော ကလေးတွေကို ဘယ်လိုသင်ကြားနည်းနဲ့ သင်ရိုးတွေနဲ့ သင်ပေးနေတာလဲ။

ဖြေ ။ ဆရာမကတော့ အတန်းလိုက်ခွဲပြီးတော့ သင်ပေးတယ်။ ဒုတိယတန်းဆို ဒုတိယတန်းပေါ့။ အခုတော့ ဒုတိယတန်းစာတွေ ရပြီးဖြစ်လို့ တတိယတန်းတက်ဖို့ လုပ်နေပြီ အိမ်ကကလေးကတော့။ စာအုပ်တွေကတော့ ရနောင်းကို အရင်မှာရတယ်။ သင်ရိုးကတော့ မြန်မာသင်ရိုးထဲကပဲ။ တစ်တန်းကုန်ရင် တစ်တန်းပေါ့။ တက်နေတာပဲ။ နိုင်ငံရေးအခြေအနေကလည်း မကောင်းသေးတော့ ကလေးက တက်နေရတာပဲ။ ပြည်တွင်းမှာလိုတော့ စာမေးပွဲစစ်တာတို့ စုံညီပွဲတော်တွေ လုပ်တာမျိုးတွေတော့ ကလေးတွေမရဘူးပေါ့။ စာအုပ်ထဲမှာ ရှိသလောက်တော့ သင်ပေးနေတာပေါ့။ စာအုပ်ကုန်ရန် တစ်ခါတည်း အတန်းတက်ပြီး သင်နေရတာပေါ့။ အစတုန်းကတော့ ပထမတန်းတက်တယ်။ အခုဒုတိယတန်းပြီးခါနီးပြီ။ တတိယတန်းတက်တော့မယ်ပေါ့။ ကလေးက နောက်ပိုင်းစာလိုက်နိုင်လာတယ်။ ကျောင်းမတက်ခင် အလီတွေ ဆိုရတယ်။ ဒါနဲ့ ပေါင်းနုတ်မြှောက်စားတွေလည်း ရလာတယ်။

DW ။ ကလေးက ထိုင်းကို ထွက်လာခဲ့ပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသွားတာ တိုးတက်လာတာမျိုးတွေရှိလား။ ရှိရင် ဘာတွေရှိလာသလဲ။

ဖြေ ။ ဒီလိုမျိုးတော့ မခံစားမိဘူးပေါ့။ စာလေးဘာလေးတော့ နဲနဲပါးပါးရလာတာမျိုးရှိတယ်။ အစတုန်းက စစခေါ်လိုက်တုန်းက ဘာမှမတတ်ဘူးလေ။ အခု စာသင်ဝိုင်းလေးရှိလာမှ ပြောတတ်ဆိုတတ်လာတယ်။ ဒါတွေနဲ့တော့ ကျေနပ်နေရတယ်။ ဆရာမသာမရှိရင် ဒီလောက်တောင် မတတ်လောက်ဘူးလေ။ အစတုန်းကတော့ ဆယ်တန်းအောင်ထားတဲ့ သူတစ်ယောက်က သင်ပေးဖူးတယ်ပေါ့နော်။ ဒါပေမဲ့ ဆရာမလောက်တော့ မရဘူးပေါ့။ အခုက ဆရာမက သေချာသင်ပေးနေတော့ ကလေးက ယဉ်ကျေးလာတယ်။ စကားပြောတာ ကျွမ်းလာတယ်။ ဆရာမက စာလဲသင်ပေးသလို ကလေးတွေပျော်အောင်လို့ မုန့်တွေလုပ်ပေးစားတယ်။ ကလေးတွေကိုလည်း အပြင်တွေ အလည်ခေါ်တယ်။ ကလေးတွေကလည်း ဆရာမသွားတဲ့နောက် လိုက်နေတာပဲ။ မိဘတွေမရှိပေမယ့် ကလေးတွေက ဆရာမနားမှာ ပျော်နေတာပဲ။ သူတို့က ကျောင်းတက်ရတာကိုတောင် အရမ်းပျော်နေတာ။ ကျောင်းပျက်ရမှာတောင် ကြောက်နေကြပြီ။

DW ။ ကစားတဲ့အခါကျတော့ ထိုင်းကလေးတွေလည်း ရှိလာနိုင်တယ်လေ။ အဲလိုဆိုရင် ဘယ်လို ဆက်သွယ်စကားပြောကြလဲ။

ဖြေ ။ ဒီနားမှာက ကလေးတွေက မြန်မာကလေးတွေများတယ်ဆိုတော့ သူတို့အချင်းချင်းပဲပြောကြတာပဲ။ မိဘတွေကော သင်ထားပေးတယ်ဆိုတော့ အဆင်ပြေနေပြီ။ ဒီမှာနေရင်တော့ ရွာမှာနေသလို အိမ်မှာနေသလိုမျိုးပဲနေတာ။ ထိုင်းကလေးတွေနဲ့ ကစားတဲ့အခါကျရင်တော့ လက်ဟန်ခြေဟန်တွေနဲ့ သူတို့အချင်းချင်းကတော့ ဟုတ်နေကြတာပဲ။

DW ။ ထိုင်းရောက်ပြီးနောက်ပိုင်း ကလေးမှာ အဓိကတွေ့လာရတဲ့ ထူးခြားမှုတစ်ခုခု၊ အားသာချက်၊ အားနည်းတစ်ခုခုများ တွေ့လာခဲ့ရလား။ ဘာတွေ တွေ့လာခဲ့ရသလဲ။

ဖြေ ။ သူဒီကို စရောက်ရောက်တုန်းကတော့ ဘာမှမသိ ဘာမှမတတ်နေဘူးလေ။ အခုဆိုတော့ နည်းနည်း နားလည်လာပြီ။ သိလာပြီ။ တတ်လာပြီပေါ့။ ဒါက အဓိက ထူးခြားလာတာပဲ။ ရွာကလာတုန်းကဆို ၄၊ ၅ နှစ်ပေါ့ အခုက ၉ နှစ်အထိတောင်ရောက်လာပြီဆိုတော့ နည်းနည်းသိနားလည်းလာခဲ့ပြီ။ သူကတော့ ပျော်ပျော်နေတတ်တဲ့ သူဆိုတော့ ဒီနားမှာ သူ့သူငယ်ချင်းတွေနဲ့ ပျော်နေတာပေါ့။ စာသင်တဲ့အခါကျရင် ကလေးတွေက အော်တတ်တယ်လေ။ အသံကျယ်လာရင် ဘေးနားက ထိုင်းတွေက အသံတိုးခိုင်းသလိုမျိုးတော့ ရှိတာပေါ့။ ကျောင်းမှာလို‌ ကြိုက်သလိုအော်လို့တော့ မရဘူးပေါ့။ ရှမ်း (ထိုင်း) ကြားမှာသင်တာဆိုတော့  ဒီလိုပဲသင်ရတာပေါ့။ အစိုးရခွင့်ပြုချက်နဲ့ တရားဝင်သင်နေရတာမျိုးမဟုတ်ဘဲနဲ့ ကျွန်မတို့က စာလေးပဲနည်းနည်းရပါစေ ဆိုပြီး သွားအပ်ပြီး သင်နေရတာဆိုတော့ တခြားကျောင်းတွေလိုမျိုး activity အားလုံးတော့ စာသင်ဝိုင်းက မလုပ်ပေးနိုင်၊ မသင်ပေးနိုင်ဘူးပေါ့။ ဆရာမကတော့ လက်တွေ့လုပ်ရတဲ့သင်ခန်းစာတွေဆို ပစ္စည်းရှိနေရင် လုပ်ပြနေတာပဲ။ သင်ပြနေတာပဲ။ နိုင်ငံရေးမကောင်းခင်ကြား ကျောင်းမဖွင့်ခင်ကြားတော့ ဒီလိုပဲ နေနေရအုံးမယ်ပေါ့။ ခေတ်ခါကောင်းရင်တော့ ပြန်ထားရမှာပေါ့။

 “အရင်ကလိုတော့ လွတ်လွတ်လပ်လပ်ကစားတာမျိုးတော့ မရှိတော့ဘူး”

ထိုင်း-မြန်မာနယ်စပ် ကလေးမိဘတစ်ဦး

DW ။ ထိုင်းကို ရွှေ့လာရတဲ့အကြောင်းရယ် အခြေအနေလေးသိချင်ပါတယ်။

ဖြေ ။ ကလေးက အကြီးဆုံးက G 5၊ အလတ်က G 1၊ အငယ်ဆုံးကိုတော့ KG ထားဖို့လုပ်နေတယ်။ ကလေး ၃ ယောက်ပါလာတာပေါ့။ ထိုင်းကို ရွှေ့လာရတဲ့ အဓိကအကြောင်းရင်းကတော့ ပြည်တွင်းဘက်က မလုံခြုံတာရယ်။ ကလေးပညာရေးအတွက်ရယ်။ သူတို့အရွယ်က လိုက်လျောညီထွေတဲ့ အတန်းပညာကို သင်ကြားဖို့ ဖြစ်နေတာကို။ ကလေးတွေရဲ့ ပညာရေးနဲ့ လုံခြုံရေးက အဓိကဖြစ်နေတော့ ထွက်လာလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တာ။

DW ။ ထိုင်းမှာ ကလေးပညာရေးအတွက် ဘယ်လို ဆောင်ရွက်ပေးနေသလဲ။

ဖြေ ။ ထိုင်းရောက်တဲ့အချိန်မှာတော့ ထိုင်းကျောင်းထားမလား၊ ရွှေ့ပြောင်းမြန်မာကျောင်းထားမလားပေါ့ စဉ်းစားရတယ်။ ထိုင်းကျောင်းတက်ရင်က အခြေအနေအရ ပြည်တွင်းပြန်ရောက်ရင် အခက်အခဲရှိနိုင်လို့ လက်မခံနိုင်တာမျိုးတွေ ရှိတယ်။ ပြည်တွင်းပြန်တဲ့အခါ ထိုင်းကျောင်းတွေနဲ့ အဆက်သွယ်မရှိတဲ့အခါကျတော့ အတန်းပညာက အဆင်မပြေဖြစ်ပြန်ပြီ။ ဒါနဲ့ပဲ ရွှေ့ပြောင်းမြန်မာကျောင်းပဲ ထားဖို့ စဉ်းစားလိုက်တယ်။ အငယ်ဆုံးကတော့ မူကြိုထားဖို့ အခက်ခဲဖြစ်နေတုန်းပေါ့။ လာမယ့်နှစ်မှပဲ သူ့ကို မူကြိုထားတော့မယ်။ ကလေးက စာအရမ်းသင်ချင်နေပြီ။ ထားဖို့ အခက်ခဲဖြစ်နေလို့သာပေါ့။ ကလေးတွေကို ထားထားတဲ့ကျောင်းမှာကတော့ မြန်မာစာသင်ရိုးပဲသင်တာပါ။ နောက်ထပ်က ထိုင်းစာ၊ ကရင်စာ နဲ့ အခြား activites တွေနဲ့ပေါ့။ သင်နည်းကတော့ ပြည်တွင်းနဲ့မတူဘူး။ ပြည်တွင်းမှာက စာဖတ်မယ် စာကျက်မယ်နဲ့ သင်ကြတာတွေလေ။ ဒီမှာကကျတော့ ကလေးစာကျက်သံက မကြားသလောက်ပဲ။ activities တွေနဲ့ တွဲတွဲပြီးတော့ သင်ကြတာများတယ်။ စာတွေဖတ်ခိုင်းလိုက်တယ်။ နားလည်မလည် ပြန်ရှင်းပြရတာများတယ်။

DW ။ ရွာမှာတုန်းကလို အိမ်မှာတုန်းကလို ကလေးက သူငယ်ချင်း ဆော့ဖော်ဆော့ဖက်တွေ ရှိလား။ အရင်တုန်းကဆော့တဲ့နည်းနဲ့ အခုပုံစံက ဘယ်လိုပုံစံမျိုးတွေ ပြောင်းဆော့ကြသလဲ။

ဖြေ ။ ထိုင်းမှာကတော့ ကိုယ့်အိမ်ကိုယ့်ယာလို ခြံနဲ့ ဝင်းနဲ့ နေရတာမဟုတ်တဲ့အတွက် လွတ်လွတ်လပ်လပ် ကစားရတာမဟုတ်ဘူးလေ။ တချို့ဟာတွေဆို မကြိုက်ဘူး။ တတ်နိုင်သလောက်တော့ ကိုယ်က ထိန်းပေးရတာတွေရှိတယ်။ နောက်တစ်ခုက ကလေးတွေ ကစားတဲ့ပုံစံတွေ မတူတော့ဘူး။ ဇာဇာန ဗေဗေချိ (ကလေးကစားနည်းတစ်ခု) ဆိုရင် ဒီရောက်တော့ စုံစမ်စိနဲ့ ပြန်ကစားတာတွေမျိုးပေါ့။ မြန်မာမှာတုန်းကဆိုရင် ကျောက်ခဲတွေကောက်ပြီး ခပ်မခပ် (ပေါက်) တာတွေရှိတယ်။ ဒီမှာက ဖိနပ်တွေနဲ့ ခပ်မခပ်နေကြတာမျိုးတွေ ရှိလာတယ်။ ဒေသမှာက သဘာဝအတိုင်း သဘာဝပစ္စည်းတွေနဲ့ ကစားရာကနေ ဒီမှာတော့ အဆင်ပြေတဲ့အရာတွေနဲ့ပဲ ကစားရတာတွေမျိုးတွေရှိလာတယ်။ ဒီမှာ သူတို့နဲ့ ကစားနေတာတော့ ၁၀ ယောက်ကျော်လောက်ရှိတယ်။ အရင်ကလိုတော့ လွတ်လွတ်လပ်လပ်ကစားတာမျိုးတော့ မရှိတော့ဘူး။ အကုန်လုံးက အိမ်ထဲခေါပြီး စာလုပ်ခိုင်းကြတာ တစ်ခုခုလုပ်ခိုင်းထားတာတွေက များတယ်။ ကျွန်တော်တို့ နားမှာကစားတာတွေနဲ့တော့ ကွဲလွဲသွားတာပေါ့။

DW ။ လက်ရှိ နေရာ အပြောင်းအလဲ ကြုံနေရတဲ့အပေါ်မှာ ကလေးက အဆင်ပြေပြေ ဖြတ်သန်းနေတယ်လို့ ထင်လား။ အသိဉာဏ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာ၊ ဘာသာစကား ဆိုင်ရာတွေမှာ ဘယ်လိုကြိုးစားသင်ယူနေလဲ။

ဖြေ ။ အတတ်နိုင်ဆုံးတော့ မကြုံတွေ့ရအောင် ထိန်းတော့ ထိန်းပေးတာပဲ။ ကျွန်တော်ကတော့ အရင်ထွက်လာတယ်။ ဟိုမှာ အဆင်ပြေမှ သူတို့ကို ပြန်ခေါ်မယ် အဲလို စီစဉ်ခဲ့တာ။ ဒီရောက်တော့ ကျွန်တော်နဲ့ ပြန်ဆုံလို့ သူတို့က ဝမ်းသာနေကြတာလည်း ပါတယ်။ သွားမယ်လာမယ်ဆိုလည်း ကျွန်တော်က အဆင်သင့်ရှိပြီးသားဆိုတော့။ နေဖို့ထိုင်ဖို့လည်း အဆင်သင့်လုပ်ပေးထားလိုက်တော့ သူတို့အတွက်က နည်းနည်းပါးပါးတော့ အဆင်ပြေတယ်ပြောရမယ်။ ကလေးတွေက နေရာစိမ်းတစ်ခုကို ရောက်လာတဲ့အခါကျတော့ နည်းနည်းစိမ်းတာမျိုးတော့ ရှိတာပေါ့။ ဘာသာစကားနားမလည်လို့အတွက် ဆိုပြီးတော့ သူတို့အတွက်တော့ စိုးရိမ်စရာနည်းသွားတာပေါ့။ သွားလာတဲ့အခါကျရင်တော့ လိုက်လိုက်သင်ပေးရတာပေါ့။ ဒါပေမဲ့ သူတို့ဘာသာတော့ သွားဝယ်တာတွေတော့ လုပ်တတ်နေပါပြီ။ နောက်တစ်ခု ကျောင်းသွားကျောင်းလာမှာ ဝယ်စားတဲ့နေရာမှာကလည်း မြန်မာတွေပဲဆိုတော့ အဆင်ပြေနေတယ်။ ပထမ ရက်တွေကတော့ စိမ်းပေမဲ့ နောက်ပိုင်းတော့ အသားကျလာပါတယ်။ ဗဟုသုတပိုင်းဆိုင်ရာအနေနဲ့က သူတို့ဘက်က လမ်းသွားရင် မေးလာတာတွေရှိတယ်။ အကုန်လုံးက အသစ်အဆန်းတွေဖြစ်နေတယ်ဆိုတော့ မသိတဲ့ဟာတွေ မေးမြန်းတာတွေမျိုးပေါ့။ စည်းကမ်းပိုင်းဆိုင်ရာကတော့ ကျွန်တော့်ရှေ့မှာတော့ ကြောက်လို့ စကားပြောရင် ကျွန်တော်၊ခင်ဗျားနဲ့ပြောတာ  ကြားတော့ကြားရတယ်။ နောက်ကွယ်ကျရင် သိပ်မကြားရတော့ဘူး။ သူ့အမေဆို သူတို့ကို တော်တော်လိုက်ပြင်ပေးနေရတယ်။