ကလိန်အောင်မြို့အပါအဝင် အနီးဝန်းကျင်ရွာသုံးရွာက ဒေသခံအနည်းဆုံးလေးဦး အဖမ်းခံရ

0
2485

ရေဖြူမြို့နယ် ကလိန်အောင်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာ‌သုံးရွာက ဒေသခံများ၏ နေအိမ်ကို ယနေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး ဒေသခံအနည်းဆုံးလေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ကလိန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ မိကျောင်းလှောင်ရွာသစ်၊ ဇင်းဘာရွာ၊ ကျောက်ရှပ်ကျေးရွာအုပ်စု နွယ်လီရွာ စသည့် ကျေးရွာတို့မှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။  

အဖမ်းခံရသူများမှာ ကလိန်အောင်မြို့ အမှတ် ၂ ရပ်ကွက်မှ အသက် ၁၉ နှစ်အရွယ် မသူသူ၊ မိကျောင်းလှောင်ရွာသစ်မှ ကိုကျော်သူထွေး အပါအဝင် မိသားစုဝင် ‌သုံးဦး စုစုပေါင်း လေးဦး အဖမ်းခံထားရကြောင်း ကနဦး အတည်ပြုနိုင်ခဲ့သည်။

ဖမ်းဆီးခံရသည့် အခြားဒေသခံများရှိသေးကြောင်း သိရသော်လည်း အမည်နှင့် လူဦးရေကို လတ်တလော အတည်မပြုနိုင်သေးပေ။

ယင်းအပြင် ကလိန်အောင် အမှတ် ၃ ရပ်ကွက်ရှိ လူမရှိသည့် နေအိမ်တစ်လုံးလည်း ဖျက်ဆီးခံခဲ့ရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကလိန်အောင်၊ ဇင်းဘာ၊ နွယ်လီ အဲဒီရွာတွေတစ်လျှောက် တစ်နေ့လုံးရှာနေတယ်။ စာရင်းအတိအကျနဲ့ လာသလိုမျိုး အိမ်တွေကို ဝင်တာ။ အခုညလည်း ဧည့်စာရင်းစစ်မယ်လို့ကြားရတယ်။ စစ်မစစ်တော့ မသိရသေးဘူး” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောဆိုသည်။

ယနေ့ရှာဖွေဖမ်းဆီးမှုမတိုင်ခင် မတ်လ ၉ ရက်ကလည်း ဇင်းဘာရွာနှင့် ကျောက်ရှပ်ကျေးရွာအုပ်စု နွယ်လီရွာမှ အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသမီးနှစ်ဦး ကလိန်အောင်မြို့ပေါ်တွင် ဖမ်းဆီးခံခဲ့ရသေးသည်။

ယင်းအမျိုးသမီးနှစ်ဦးအား ကျောက်ရှပ်ကျေးရွာတွင် အခြေစိုက်ထားသည့် ခမရ ၄၁၀ တပ်ရင်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းအမျိုးသမီးနှစ်ဦးအဖမ်းခံရပြီးနောက် ယနေ့တွင် ကလိန်အောင်မြို့အပါအဝင် အနီးနားကျေးရွာများဖြစ်သည့် ဇင်းဘာ၊ ကျောက်ရှပ်၊ မိကျောင်းလှောင်ရွာသစ် စသည့်ကျေးရွာမှနေအိမ်များ ရှာဖွေစစ်ဆေးခံရပြီး ဒေသခံများပါ ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်း ဒေသခံများအား မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။