လောင်းလုံး ကျောက်ဆင်ရွာအုပ်စုကို စစ်ကြောင်းထပ်ဝင်၊ နေအိမ်ဆယ်လုံးထက်မနည်းဖျက်ဆီးခံရ

0
2677

လောင်းလုံးမြို့နယ် ငါးရွာအုပ်စုဟုခေါ်သည့်‌‌ ကျောက်ဆင်ကျေးရွာအုပ်စုကို စစ်ကြောင်းထပ်မံဝင်ရောက်လာပြီး နေအိမ်ဆယ်လုံးထက်မနည်း ဖျက်ဆီးခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ယင်းကျေးရွာအုပ်စုတွင် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီရွာ စသော ရွာငါးရွာပါဝင်သဖြင့် ငါးရွာအုပ်စုဟု ခေါ်ဝေါ်ကြသည်။

မတ်လ ၆ရက်က ကရင်ကြီးရွာရှိ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်းလမ်းတို့မှ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်ဝင်ရောက်ခဲ့သည်။

ကရင်ကြီး‌ပျူစောထီးခေါင်းဆောင်ကို လာရောက်ခေါ်ယူသွားရာ ကရင်ကြီးရွာသားနှစ်ဦးမှာလည်း စစ်ကောင်စီတပ်နှင့် လိုက်ပါသွားကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းနောက် မတ်လ ၁၁ ရက်မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ပတ်အတွင်း ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာကြောင်း ဒေသခံတို့က ပြောသည်။

မတ်လ ၁၁ရက် မွန်းလွဲပိုင်းက လောင်းလုံးမြို့နယ် တောရှည်ရွာ တောမိုးတောင်အနောက်ဘက်မှဝင်ရောက်လာသည့် စစ်ကြောင်းသည် ယင်းနေ့ညပိုင်းတွင် ကရင်ကြီးရွာနှင့် ကမ်းပနီရွာသို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

မတ်လ ၁၁ ရက် ညနှင့် ၁၂ ရက် နံနက်ပိုင်းတွင် ကရင်ကြီးနှင့် ကမ်းပနီ၊ ပြင်ကြီးရွာသုံးရွာက နေအိမ် ဆယ်လုံးထက် မနည်းကို ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်းယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနက်က ကမ်းပနီရွာမှာ နေအိမ်နှစ်ဆောင်ကို ဝင်ရောက်ဖြိုဖျက်ခဲ့တယ်။ စစ်တပ်ထဲ ရွာခံပါသွားတော့ ပိုပြီး စိုးရိမ်စရာကောင်းတယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းက ကမ်းပနီရွာမှ ထွက်ခွာပြီး ကရင်ကြီးရွာတွင် နေအိမ်အချို့ကို လည်း ဝင်ရောက်ဖြိုဖျက်ခဲ့သေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖြိုဖျက်ခံရသည့် နေအိမ်အရေအတွက်အတိအကျကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် မတ်လ ၆ ရက်မှ ၁၂ ရက်အထိ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီစသည့် ကျေးရွာငါးရွာက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံတို့မှ သိရသည်။