မြိတ်မြို့တွင် ပုလောဘက်က စစ်ဘေးရှောင်များစာရင်း လိုက်ကောက်

0
2586

မြိတ်မြို့ပေါ်ရပ်ကွက်တို့ရှိ နေအိမ်တို့တွင် ပုလောဘက်က စစ်ဘေးရှောင်လာသူတို့အား မတ်လ ၁၁ ရက်က စစ်ကောင်စီဘက်က စာရင်းလိုက်လံကောက်ယူနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ပလမြို့မှ တိုရွာ၊ ပလရွာ၊ ပုလောမြို့နှင့်ကျေးရွာနေသူတို့ စစ်ရှောင်လာပြီး မြိတ်မြို့ရှိ အသိမိတ်ဆွေ၊ ဆွေမျိုးတို့နေအိမ်တွင် တည်းခိုနေထိုင်နေကြကြောင်း မြို့ပေါ်ရပ်ကွက်နေသူတို့က ပြောသည်။

ယင်းသို့ နေထိုင်နေသူများကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးဘက်က စာရင်းလိုက်ကောက်ယူနေကြောင်း ၎င်းတို့က ဆိုသည်။

“အိမ်မှာ ဧည့်သည်ရှိတာ ဧည့်တိုင်ထားပြီးပြီ။ ပုလောဘက်ကလူတွေရှိလားဆိုပြီး စာရင်းပြန်လာကောက်သေးတယ်” ဟု မြို့ပေါ်ရပ်ကွက်တစ်ခုရှိ နေအိမ်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ပုံမှန်အားဖြင့် နေအိမ်တို့တွင် လာရောက်တည်းခိုနေထိုင်သူတို့အား သက်ဆိုင်ရာ ရပ်ကွက် နေအိမ်လမ်းရှိ ရာအိမ်မှူးတို့ထံတွင် ဧည့်စာရင်းတိုင်ကြားရလေ့ရှိကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။

“ရပ်ကွက်လူကြီးတွေ စာရင်းလိုက်ကောက်နေကြတာ။ အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ပေးရတာလို့ ပြောတာပဲ” ဟု မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်တစ်ခုအတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောဆိုသည်။

သက်ဆိုင်ရာရပ်ကွက်တို့အတွင်း တိုင်ကြားထားသည့် ဧည့်စာရင်းအပြင် ပုလောဘက်နေသူတို့ ရှိ မရှိကို စာရင်း ထပ်မံကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရွာမှာတိုက်ပွဲတွေ ဖြစ်နေတာကိုး။ PDF တွေနဲ့ ဆက်စပ်တာဖြစ်ဖြစ် PDF တွေဖြစ်ဖြစ် တစ်ခုခု ပါလာမှာ စိုးလို့ထင်ပါတယ်” ဟု ပုလောဘက်မှ မြိတ်မြို့သို့ စစ်ရှောင်လာသူအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းခန့်က တနင်္သာရီမြို့နယ် ဇဝဲကျေးရွာတွင် တိုက်ပွဲများဖြစ်ပေါ်ပြီးနောက် ဇဝဲရွာနေသူတို့ အခြားကျေးရွာတို့နှင့် မြိတ်မြို့ပေါ်သို့ စစ်ဘေးရှောင်ခဲ့ကြသည်။

ယင်းအချိန်ကလည်း ကျေးရွာအချို့တို့တွင် ဇဝဲရွာဘက်မှ စစ်ဘေးရှောင်လာသူတို့အား လက်မခံကြရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးဘက်က သတိပေးတားမြစ်မှုတို့ ပြုလုပ်ခဲ့သေးကြောင်း ကျေးရွာနေသူချို့ထံမှ သိရသည်။