တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2387

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၅ ရက်နေ့ မှ မတ်လ ၁၁ ရက်နေ့အထိ

အရပ်သားများတိုက်ခိုက်ခံရမှုပိုဆိုးရွားလာသည်ဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

ပုံစာ – ၂၀၂၁ ခုနှစ် အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်မြို့ မီးရှို့ခံရမှုမြင်ကွင်း။

မြန်မာနိုင်ငံ၌ အာဏာသိမ်းကာလ ဒုတိယနှစ်တွင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်သတ်ဖြတ် မီးရှို့မှုများ ပိုမိုဆိုးရွားလာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က ပြောဆိုလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မတ်လ ၆ ရက်က ပြုလုပ်သည့် ၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံတွင် ပြောဆိုခြင်းဖြစ်သည်။

ဒုတိယနှစ်ကာလတွင် စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာ ရပ်ရွာများကို လေကြောင်းဖြင့်တိုက်ခိုက်မှု ၁၄၁ ရာခိုင်နှုန်း၊ ကျေးရွာနှင့် နေအိမ်များကို မီးရှို့မှု ၃၈၀ ရာခိုင်နှုန်း၊ နေအိမ်ပျက်စီးမှု ၁၂၀၀ ရာခိုင်နှုန်း၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတို့ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခံရမှု ၁၀၀ ရာခိုင်နှုန်းကျော် တိုးလာကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံအခြေအနေမှာ မျှော်လင့်ချက်အလွန်နည်းပါးနေပြီး ပြည်သူများ အပြင်းအထန်ဖိနှိပ်ခံနေရရာမှ လွတ်မြောက်ရေး နည်းလမ်းရှာကြရန်၊ လူသားချင်းစာနာသည့် အကူအညီများပေးကြရန် နိုင်ငံတကာအသိုက်အဝန်း ကို တိုက်တွန်းခဲ့သည်။

အာဏာသိမ်းမှု ၂နှစ်တာကာလအတွင်း ကလေး ၂၄၄ ဦးအပါအဝင် အရပ်သားပြည်သူ ၂၉၄၇ဦး သတ်ဖြတ်ခံခဲ့ရပြီး ယင်းအနက် သုံးပုံတစ်ပုံမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသူများဖြစ်ကြောင်း မဟာမင်းကြီးက ပြောသည်။ 

ကလေး ၃၈၁ ဦးအပါအဝင် ပြည်သူ ၁၇၅၇၂ ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ၁၃၇၆၃ ဦးမှာ အကျဉ်းကျခံရသည်ဟုလည်း ဆိုသည်။

ယင်းအပြင် ပြည်သူ ၁ဒသမ၃သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး မြို့နှင့်ရွာများရှိ အဆောက်အအုံ ၃၉၀၀၀ ကျော် မီးရှို့ခံရကြောင်း မဟာမင်းကြီးက ဆက်လက်ပြောဆိုသည်။

………………………………..

နှစ်လအတွင်း စစ်ဘေးရှောင်တစ်သိန်းခွဲကျော် တိုးလာ

မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် စစ်ဘေးရှောင်ဒုက္ခသည် ၁၅၄,၀၀၀ ကျော် တိုးမြင့်လာ ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က မတ်လ ၄ရက်တွင် ထုတ်ပြန် သည်။

အာဏာသိမ်းမှုဖြစ်ပြီးချိန်မှ ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၇ရက်အထိ မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ဒုက္ခသည် ၁ဒသမ၃သန်းအထိရှိလာကြောင်း UNOCHA က ဆိုသည်။ အာဏာသိမ်းမှု မတိုင်ခင်က သုံးသိန်းရှိသဖြင့် စုစုပေါင်း ၁ဒသမ ၆သန်းအထိရှိလာသည်ဟု ဆိုသည်။

စစ်ဘေးရှောင်ဒုက္ခသည်များသည် ရွှေ့ပြောင်းအခြေချစခန်းများနှင့် ယာယီစခန်းများတွင် မရေမရာအခြေအနေများဖြင့် နေထိုင်နေကြရပြီး အများအားဖြင့် နီးစပ်ရာတောတောင်များတွင် နေထိုင်နေရကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း ဖော်ပြသည်။

………………………………..

အာဏာသိမ်းမှုဆန့်ကျင်သောကြောင့် အမျိုးသမီးငါးရာနီးပါးသေဆုံး၊ သုံးထောင်ကျော် အဖမ်းခံရ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုကြောင့် အမျိုးသမီး ၂၄၃ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးထောင်သွင်းအကျဉ်းချခံထားရသူ ၃၁၂၅ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

မတ်လ ၈ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သေဒဏ်ချမှတ်ခံထားရသူ ၁၁ ဦးရှိပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ ၁၅ ဦးရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူ အမျိုးသမီးဦးရေမှာ ၁၂၂ ဦးရှိကြောင်းလည်း ဖော်ပြပါရှိသည်။ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရှိနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ဆိုသည်။

မြန်မာအမျိုးသမီးသမဂ္ဂထုတ်ပြန်ချက်အရလည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ တစ်လတည်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ၃၅ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

………………………………..

အကျဉ်းကျနေသူများနှင့် မိသားစုတွေ့ခွင့်ပေးရန် ICRC ပြော

အကျဉ်းကျနေသူများနှင့် မိသားစုဝင်များကို တွေ့ဆုံခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Martin Schüepp က စစ်ကောင်စီနှင့်တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

မတ်လ ၈ရက် နေပြည်တော်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တွေ့ဆုံရာတွင် ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ICRC က ထုတ်ပြန်ထားသည်။

ယင်းအပေါ် စစ်ကောင်စီဘက်က မည်သို့တုံ့ပြန်သည်ကို ဖော်ပြထားခြင်းမရှိပေ။

အကျဉ်းကျနေသူများနှင့် မိသားစုတွေ့ဆုံခွင့်ကို ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ထားခြင်းဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ဆက်လက်ကန့်သတ်ထားကာ ထောင်ဝင်စာပါဆယ်ပို့ခွင့်သာ ခွင့်ပြုထားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရေးအသင်း AAPP ၏ စာရင်းအရ အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၆၄၃၂ ဦးရှိသည့်အနက် ၅၀၁၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံရသည်ဟု သိရသည်။

ပဋိပက္ခဒဏ်နှင့် အကြမ်းဖက်မှုဒဏ်များကြောင့် ထိလွယ်ဆုံးလူမှုအသိုက်အဝန်းဖြစ်သည့် သွားရောက်ခွင့်၊ လူသားချင်း စာနာသည့် အကူအညီများပေးခွင့်တို့ကို တိုးမြှင့်ခွင့်ပြုပေးရန်လည်း ဆွေးနွေးခဲ့သည်ဟုလည်း ICRC က ထုတ်ပြန်ထားသည်။

………………………………..

သန်းခေါင်စာရင်းကောက်မည်၊ ရွေးကောက်ပွဲနောက်ဆုတ်မည်လော

စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင် အောက်တိုဘာလ ၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်သတ်မှတ်ပြီး အောက်တိုဘာလ ၁ရက်မှ ၁၅ ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဟု စစ်ကောင်စီ၏ လဝကဝန်ကြီး ဦးမြင့်ကြိုင်က မတ်လ ၆ရက်က ပြောဆိုသည်။

စာရင်းပြုစုခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းတို့ကို ၂၀၂၆ခုနှစ် မတ်လအထိ လုပ်မည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပရန်အတွက် လူဦးရေစာရင်း မှန်ကန်အောင်လုပ်ဆောင်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုထားသဖြင့် သန်းခေါင်စာရင်းကောက်ပြီးမှသာ ရွေးကောက်ပွဲကျင်းပလာနိုင်ခြေရှိသည်ဟုလည်း သုံးသပ်မှုများလည်းရှိနေသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်းစာရင်းကို ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့ခြင်းဖြစ်သည်။

………………………………..

တရုတ်သို့ မြေရှားသတ္တု ကန်ဒေါ်လာသန်းခြောက်ရာကျော်ဖိုး တင်ပို့

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ၂၀၂၂ ခုနှစ်အတွင်း မြေရှားသတ္တု အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော်ဖိုး တင်ပို့ခဲ့ကြောင်း သုသေသနပြုလုပ်ထားသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ထားသည်။

တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြေရှားသတ္တု တရားမဝင်တူးဖော်မှုများ အလွန်အကြူးဖြစ်နေသည်ဟု ဆိုသည်။

ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ ချီဖွေ၊ ပန်ဝါဒေသတွင် သာမက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်နှင့် မန်စီဒေသအထိ တူးဖော်မှု ကျယ်ပြန့်လာသည်ဟုလည်း ဆိုသည်။

မန်စီတွင် တူးဖော်နေသည့် တရုတ်လူမျိုးများပါသည့် ကုမ္ပဏီအား ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံများက အပြင်းအထန်ကန့်ကွက်ကြပြီး အပြီးတိုင်ထွက်သွားရန် တောင်းဆိုခဲ့ကြသည်။ မြေရှားသတ္တုတူးဖော်မှုမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားအခြေအနေများကို ဆိုးဝါးစေသည်ဟု ဆိုသည်။

သို့သော် ယခုတူးဖော်မှု နောက်ကွယ်တွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်ဖွဲ့များအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွားများပါ ပါရှိနေသည်ဟု ထောက်ပြထားသည်။

ယင်းလုပ်ငန်းများတွင် မြန်မာအမျိုးသမီးများကို တရုတ်လုပ်ငန်းရှင်များက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ ရှိနေကြာင်းလည်း Myanmar Resource Watch က ထုတ်ပြန်ထားသည်။

………………………………..

ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်း စီးနင်းဖမ်းဆီးခံရ

မန္တလေးနှင့် ရန်ကုန်တို့ရှိ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ဇလုံကြီးဆိုင်ကို စစ်ကောင်စီတပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မတ်လ ၁၀ ရက်တွင် ရန်ကုန်က ဆိုင်ကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်များအတွက် ထောက်ပို့လုပ်နေသည့် လူမှုကွန်ရက်တွင်ထင်ရှားသူ အိပန်ဆယ်လို အမေရိကတွင် ဖွင့်လှစ်ရောင်းချသည့် စတိုးဆိုင်တွင်လည်း ဇလုံကြီးဟင်းအနှစ်ထုပ် ရောင်းချရန် စီစဉ်ခဲ့သည်။

အိပန်ဆယ်လို၏ စတိုးတွင် ဇလုံကြီးဟင်းအနှစ်ထုပ်တင်ခြင်း၊ ဇလုံကြီးလုပ်ငန်းသည် PDF တပ်ဖွဲ့များသို့ ပို့ဆောင်သူများထံ ရောင်းချခြင်းတို့ကြောင့်ဟု စွပ်စွဲကာ ဖမ်းဆီးရန် စစ်ကောင်စီဘက် ထောက်ခံရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်တို့တွင် လှုံ့ဆော်ရေးသားခဲ့သည်။

ယင်းနောက် မည်သည့်အဖွဲ့နှင့်မျှ ပတ်သက်မှုမရှိကြောင်း ဇလုံးကြီးဘက်က လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ခဲ့သော်လည်း စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

………………………………..

ရန်ကုန် ဆီဒိုးနားဟိုတယ်ကို ကန်ဒေါ်လာ ၅၇သန်းကျော်ဖြင့်ရောင်းချ

စင်ကာပူအခြေစိုက် Keppel ကော်ပိုရေးရှင်းလုပ်ငန်းစုပိုင် ရန်ကုန် ဆီဒိုနားဟိုတယ်ကို အမေရိကန်ဒေါ်လာ ၅၇ဒသမ၄ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ကြေညာသည်။

ဆိုဒိုးနားဟိုတယ်ကို စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Spring Blossom Ventures ကုမ္ပဏီကို ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းထိုးကျသွားကာ ဟိုတယ်လုပ်ငန်းများ ရုန်းကန်နေရပြီးနောက် ယင်းသို့ ရောင်းချဖြစ်သည်ဟုဆိုသည်။

ဟိုတယ်ရောင်းချမှုမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်းအပြီးသတ်မည်ဟု မျှော်လင့်ထားပြီး ငွေကို သုံးရစ်ခွဲပေးသွင်းမည်ဟုလည်း ဆိုသည်။ ဟိုတစ်အသစ်အဖြစ် ပြန်ဖွင့်ရန် စီစဉ်နေကြေင်း Spring Blossom Ventures အမှုဆောင်အရာရှိချုပ်က Nikkie Asia သတင်းဌာနသို့ ပြောဆိုထားသည်။

ကိုဗစ်ရောဂါကြောင့် ဆီဒိုးနားဟိုတယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းရပ်နားထားခြင်းဖြစ်သည်။

………………………………..

ကြွေလွင့်သွားသည့် မြန်မာသံစဉ်အဆိုတော်တွံတွေးစိုးအောင်

ကိုယ်တိုင်ရေးပြီး မယ်ဒလင်တစ်လက်ဖြင့် တီးခတ်သီဆိုခဲ့သည့် တေးသီချင်းများစွာအပါအဝင် တေးစီးရီးများစွဖြင့် တောရော မြို့ပါ ကျော်ကြားခဲ့သည့် နိုင်ငံကျော် မြန်မာသံစဉ်အဆိုတော်တွံတွေးစိုးအောင် မတ်လ ၉ ရက်တွင် ကွယ်လွန်သွားသည်။

ရုတ်တရက် သွေးတိုးကာ မူးလာသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း နှလုံးသွေးကြော ပြတ်ကာ မတ်လ ၉ ရက် နံနက် ၂နာရီကျော်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၆၁နှစ်ရှိပြီဖြစ်ပြီး ထိန်ပင်သုသာန်တွင် မတ်လ ၁၁ ရက်က မီးသင်္ဂြိုဟ်ခဲ့သည်။

နယ်လှည့်သီဆိုဖျော်ဖြေရာမှ လူသိများလာရာပြီး ဂီတလောကထဲသို့ ဝင်ရောက်လာသူဖြစ်သည်။ ယင်းနောက် တစ်ကိုယ်တော် တေးစီးရီး ၁၀၀ ဝန်းကျင်အထိ ထွက်ရှိခဲ့သည်။

………………………………..