ပုလောတွင် တံငါလုပ်ငန်းစခန်းချလုပ်ကိုင်သည့်ကျွန်းပေါ်က အမျိုးသားနှစ်ဦး ဖမ်းခေါ်ခံရ

0
2420

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အလုပ်စခန်းဟုခေါ်ကြသည့် တံငါလုပ်ငန်းများလုပ်ကိုင်သည့် ကျွန်းတစ်ကျွန်းပေါ်က အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

တိုကျေးရွာအနီး ပင်လယ်အတွင်းရှိ လုံဇယာကျွန်းပေါ်တွင် အလုပ်လုပ်ရင်း နေထိုင်သည့်အမျိုးသားနှစ်ဦးကို စစ်ကောင်စီရေတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးအနက် တစ်ဦးမှာ ကိုစိုးငယ်ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ ထားဝယ်သားဟုသာသိကာ အမည်ရင်းကို သေချာမသိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က မတ်လ ၁၀ ရက်ညတွင် ယင်းကျွန်းပေါ်သို့ ဝင်ရောက်လာပြီး တဲများကို ဝင်ရောက်စစ်ဆေးကာ တဲရှိ အမျိုးသား၊ အမျိုးသမီး ၃၀ ခန့်အား ထိုင်ခိုင်းကာ မိုးလင်းပေါက်သည်အထိ စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ်က ခေါ်ထုတ်ချိန်မှာ (ဖမ်းခံရသူ) အဲဒီလူနှစ်ယောက်က ထွက်မလာဘဲ ပုန်းနေတယ်။ သူတို့ ဝင်ရှာတော့ မိသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။

ယင်းအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းခေါ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် ဖုန်းအချို့ကိုလည်း စစ်ဆေးပြီးနောက် ပြန်မပေးဘဲ ယူဆောင်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။

“တိုရွာက လာနေတဲ့ သားအမိနှစ်ယောက်ရဲ့ ဖုန်းနှစ်လုံးပါသွားတယ်လို့ပဲ သိရသေးတယ်။ ကျန်တာ ဘယ်သူ့ဖုန်းတွေ ပါသွားတယ်ဆိုတာ မသိရသေးဘူး” ဟု ကဒဲရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လုံဇယာကျွန်းသည် တိုကျေးရွာအနီး ပင်လယ်တွင်းရှိ ကျွန်းတစ်ကျွန်းဖြစ်ပြီး ယင်းကျွန်းပေါ်တွင် အနီးအနားရွာမှ ဒေသခံများက ယာယီတဲထိုးစခန်းချကာ ငါးပုစွန်များ လာရောက်ဖမ်းဆီး အခြောက်ခံပြုလုပ်လေ့ရှိကြသည်။

လက်ရှိတွင် စစ်ဘေးရှောင်မိသားစုအချို့လည်း လာရောက်နေထိုင်နေကြသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၇ ရက်ညကလည်း ပုလောမြို့နယ်အတွင်းရှိ ခန္တီကျေးရွာအုပ်စုကျွန်းပေါ်သို့ စစ်ကောင်စီတပ်များ ဝင်ရောက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ကာ နေအိမ်သုံးလုံးထက်မနည်း မီးရှို့ခံခဲ့ရသည်။

ပုလောမြို့နယ်အား ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က ပင်လယ်အနီးရှိ ကျေးရွာများသို့ ထိန်းချုပ်ရန် ကြိုးစားလာနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုထားသည်။