ပညစ်ရွာစစ်ဘေးရှောင်များ ရိက္ခာအခက်အခဲဖြစ်

0
2309

လောင်းလုံးမြို့အနောက်ဘက်တောင်ကြောရှိ ပညစ်ရွာ စစ်ကြောင်းထိုးခံရပြီးနောက် တစ်ရက်အကြာတွင် ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲမဖြစ်ဘဲ ပညစ်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ပညစ်နှင့် တစ်ကမ်းတွင်တည်ရှိသည့် ကရင်ကြီးတွင်မူ မတ်လ ၆ရက်က ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်။

မတ်လ ၁ဝရက် နံနက်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ကုန်လမ်းရေလမ်းတို့မှ ပညစ်ရွာသို့ ရုတ်တရက်ဝင်ရောက် လာခြင်းဖြစ်သဖြင့် ဒေသခံများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။

ထို့နောက်နေအိမ် ငါးလုံးအား မီးရှို့ခဲ့ပြီး ကုန်စုံဆိုင်အားလုံးနီးပါးကို ဖျက်ဆီးခဲ့ကာ ကုန်ခြောက်၊ အသုံးအဆောင် ပစ္စည်းများကိုလည်း ယူဆောင်သွားသောကြောင့် ဒေသခံများ ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဆန်က ဟိုအိမ်ဒီအိမ်မျှသုံးလို့ ရသေးတယ်။ အဓိကကုန်ခြောက်ပေါ့။ ဝယ်ဖို့လည်းမရှိ အားလုံးဖျက်ဆီးခဲ့တယ်။ ငွေသားအပါအဝင် ဖုန်းအားသွင်းကြိုးကအစ မချန် ယူသွားတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကရင်ကြီး၊ ကမ်းပနီဘက်က စစ်ဘေးရှောင်လာသည့် အိမ်ထောင်စု ၁၀ စုနီးပါးအတွက် လှူဒါန်းထား သည့် ရိက္ခာကုန်ခြောက်များကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံတို့ ပြောဆိုသည်။

“အများလှူထားတဲ့ ရိက္ခာတွေ အကုန်လုံးမီးရှို့သွားတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

မတ်လ ၆ ရက်တွင် စစ်ကောင်စီတပ်က ‌သဘော့ဆိပ်ကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပညစ်ရွာဘက်သို့ ကုန်းကြောင်းအတိုင်း ထွက်ပြေးလာသည့် စစ်ဘေးရှောင်မှာ ငါးဆယ်ကျော်ခန့်ရှိသည်ဟု ဆိုသည်။

မတ်လ ၁၀ ရက်က ပညစ်ဖြစ်စဉ်တွင် ဒေသခံမဟုတ်သည့် ရွှေ့ပြောင်းလုပ်သား ခြောက်ဦးနှင့် ဒေသခံတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

“သူတို့ကို အထုတ်အပိုးတွေ ထမ်းခိုင်းပြီး ခေါ်သွားတယ်လို့ သိရတယ်” ဟု မျက်မြင်တစ်ဦး၏ပြောဆိုချက်ကို ကိုးကား၍ ဒေသခံတစ်ဦးက ပြန်လည်ပြောဆိုသည်။

စစ်ကောင်စီတပ်သည် အထက်ပါဒေသခံများကို ဖမ်းခေါ်သွားပြီး ယနေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့ဘက်သို့ ထွက်ခွာသွားသည်ဟု ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးခံဒေသခံများ ပြန်လွတ်မလွတ် မသိရသေးသလို မိသားစုဝင်များနှင့်လည်း အဆက်အသွယ် မရဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

လုံခြုံရေး စိတ်မချရသေးသောကြောင့် ပညစ်ဒေသခံများမှာ နီးစပ်ရာကျေးရွာများနှင့် ဘေးလွတ်ရာနေရာတို့တွင် ခိုလှုံနေကြရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပညစ်ရွာတွင် နေအိမ် ငါးလုံးမီးရှို့ခံရပြီး ပညစ်၊ ကရင်ကြီး၊ ကမ်းပနီစသည့် ရွာသုံးရွာက ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။