တနင်္သာရီတိုင်းတွင် လောင်းလုံးနှင့် ရေဖြူမြို့နယ်မှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်  

0
3087

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုနည်းသည့် မြို့နယ်များဖြစ်သော လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် အရပ်သားသေဆုံးမှု ပိုများနေသည်ကိုတွေ့ရသည်။

ယင်းမြို့နယ် ၂ ခုမှာ တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်သည့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့ထက် အရပ်သားသေဆုံးမှု ပိုများနေခြင်းဖြစ်သည်။

တိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များကို စောင့်ကြည့်မှတ်တမ်းပြုစုနေသည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်သည့် အချက်အလက်အရ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှာ အရပ်သားသေဆုံးမှု အများဆုံးနှင့် ဒုတိယအများဆုံးမြို့နယ်များဖြစ်နေသည်။

တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် လောင်းလုံးမြို့နယ်သည် အာဏာသိမ်း ၂ နှစ်တာကာလအတွင်း အရပ်သားသေဆုံးသူ ၁၀၇ ဦး၊ ထိခိုက် ဒဏ်ရာရသူ ၂၇ ဦး စုစုပေါင်း ၁၃၆ ဦးဖြင့် ထိပ်ဆုံးတွင်ရှိနေသည်။

လောင်းလုံးမှာ တိုက်ပွဲဖြစ်ပွားမှုမှာ ၂၃ ကြိမ်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံးမြို့နယ် နံပါတ် ၆ တွင်ရှိသည်။

လောင်းလုံးမြို့နယ်၏အောက်တွင် ရေဖြူမြို့နယ်က တိုက်ပွဲဖြစ်ပွားမှု ၁၈ ကြိမ်ဖြင့် အနည်းဆုံးနံပါတ် ၇ တွင်ရှိနေသည်။

သို့သော် အရပ်သားထိခိုက်၊ သေဆုံးမှုတွင်မူ ဒုတိအများဆုံးမြို့နယ်ဖြစ်သည်။ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း  ရေဖြူမြို့နယ်တွင် အရပ်သားသေဆုံးသူ ၆၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၄ ဦး စုစုပေါင်း ၇၉ ဦးရှိသည်။

လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့နှင့် ပြောင်းပြန်ဖြစ်နေသည်မှာ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ဖြစ်သည်။

ပုလောနှင့် တနင်္သာရီမြို့နယ်တို့သည် တိုက်ပွဲဖြစ်ပွားမှုတွင် လောင်းလုံး၊ ရေဖြူမြို့နယ်တို့ထက်များ‌ပြီး အရပ်သားသေဆုံးမှုမှာ အဆိုပါမြို့နယ်နှစ်မြို့နယ်ထက် ပိုနည်း‌သည်ကိုတွေ့ရသည်။

ပုလောမြို့နယ်တွင် ၂ နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၈၈ ကြိမ်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုအများဆုံး မြို့နယ်ဖြစ်သည်။

အရပ်သေဆုံးသူမှာ ၅၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၅ ဦး စုစုပေါင်း ၇၈ ဦးရှိပြီး အရပ်သားထိခိုက်ဒဏ်ရာရှိမှု တတိယအများဆုံးဖြစ်သည်။

ပုလောပြီးလျှင် တိုင်းအတွင်း ဒုတိယတိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်မှာ တနင်္သာရီမြို့နယ်ဖြစ်သည်။

နှစ်နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၇၂ ကြိမ်ဖြစ်ပွားခဲ့သည်။ အရပ်သားသေဆုံးမှုမှာ ၂၉ ဦးရှိပြီး ထိခိုက်ဒဏ်ရာရှိသူ ၈ ဦး စုစုပေါင်း ၃၇ ဦးရှိသည်။

အရပ်သားထိခိုက်သေဆုံးမှုအနည်းဆုံး နံပါတ် ၆ တွင်ရှိသည်။

Southern Monitor အဖွဲ့ကပြုစုထားသည့် အာဏာသိမ်းကာလ ၂ နှစ်အတွင်း တနင်္သာရီတိုင်းထဲ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်အရပ်သားထိခိုက်သေဆုံးမှူ အချက်အလက်နှစ်ခုကို နှိူင်းယှဉ်ကြည့်ရာ တိုက်ပွဲဖြစ်ပွားမှုနည်းသည့်မြို့နယ်တွင် အရပ်သား ထိခိုက်သေဆုံးမှုပိုများနေသည်ကိုတွေ့ရှိရခြင်းဖြစ်သည်။

အရပ်သာသေဆုံးမှုစာရင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီး၊ စွန်ရဲ စသည့် လက်နက်ကိုင်ဆောင်ထားသူတို့၏ ပစ်ခတ်သတ်ဖြတ်မှုများ အားလုံးပါဝင်သည်ဟုဆိုထားသည်။

အရပ်သားထိခိုက်သေဆုံးမှု စာရင်းတွင် လက်နက်မကိုင်ထားသည့် ပျူစောထီး၊ သတင်းပေးဒလန်၊ အုပ်ချုပ်ရေးမှူး၊ ပါတီဝင်၊ PDF နှင့်ဆက်စပ်သူများကို ထည့်သွင်းတွက်ချက်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုသူများ၏ နောက်ခံအကြောင်းအရာများမှာ ပစ်ခတ်သူတို့စွပ်စွဲထားသည့်အတိုင်း မှန်၊ မမှန် လွတ်လပ်စွာ အတည်မပြုနိုင်ခြင်းကြောင့်ဖြစ်ကြောင်း Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။