ကျွန်းစု ဘန္ဒနဲရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

0
2661

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး ရွာသားများထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဘန္ဒနဲကျေးရွာသို့ မနေ့က သင်္ဘောငယ်နှစ်စီး၊ လှေတစ်စီးတို့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် မွန်းတည့်ချိန်တွင် နှစ်ဖက်တိုက်ပွဲစဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာရွာတွင် ပြီးခဲ့သည့် မတ် ၆ ရက်နေ့က စစ်ကောင်စီသတင်းပေးဟုဆိုသူတစ်ဦး ပစ်သတ်ခံရပြီးနောက် ယနေ့တွင် စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ပွဲကနည်းနည်းကြမ်းတယ်။ နှစ်ဖက်စလုံးထိခိုက်မှု ရှိတယ်လို့ကြားရတယ်။ အတိအကျတော့ မသိရသေးဘူးပါ့။ ရွာမှာတော့ လူမရှိတော့ဘူး အကုန်ပြေးကုန်ကြပြီ” ဟု ဒေသခံအမျိုးသားက ပြောဆိုသည်။

တိုက်ပွဲ တစ်နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြကြောင်း ကျွန်းစု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းကမူ စစ်ကောင်စီဘက်ကသာ ထိခိုက်သေဆုံးမှုရှိသည်ဟုကြားရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်ရှိသည်ဟု မကြားရကြောင်း ပြောဆိုသည်။

“စစ်တပ်ဘက်က ကျဆုံးထိခိုက်မှုကတော့ အရေအအတွက် မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ဘန္ဒနဲဒေသခံအများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ကြပြီး အခြားလုပ်ငန်းလုပ်သူအချို့လည်းရှိသည်။