ပညစ်ရွာတွင် နေအိမ်လေးလုံးထက်မနည်းမီးရှို့ခံရပြီး ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ

0
2514

လောင်းလုံးမြို့နယ် ပညစ်ရွာတွင် ယနေ့ နေအိမ်လေးလုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ရွာလုံးကျွတ်နီးပါး အရေအတွက်အားဖြင့် ဒေသခံငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေးလမ်းတို့မှ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် ဒေသခံများ၏ နေအိမ်လေးလုံးထက်မနည်းကို မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ပညစ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

မီးရှို့ခံရသည်နေအိမ်တို့မှာ ပညစ်ရွာသားများဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ပိုသန်း၊ ကိုဇော်ဦးနှင့် ဒေါ်စိန်နွဲ့တို့၏ နေအိမ်များဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လောလောဆယ်တော့ (အိမ်) လေးလုံးပဲ အတည်ပြုနိုင်သေးတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ပြန်လည်ထွက်ခွာရာတွင် လမ်းကြောင်းတစ်လျှောက်တွေ့ရသည့် ဒေသခံ ခုနစ်ဦးခန့်ကို ဖမ်းခေါ်ထားသည်ဟုဆိုသည်။

ယင်းအနက် ဒေသခံနှစ်ဦး၏ ဆိုင်ကယ်ကို မီးရှို့ခဲ့ပြီး လူကိုမူပြန်လွှတ်ပေးလိုက်သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ငါးယောက်က ပြန်လွတ် မလွတ်မသိရသေးဘူး။ ဆိုင်ကယ်မီးရှို့ခံရတဲ့ နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်သည် လောင်းလုံးဖက်သို့ ထွက်ခွာသွားရာ လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူတို့၏ တံခါးပိတ်ထားသည့် နေအိမ်အချို့ကို ဝင်ရောက်ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီတပ်မှာ တောင်ကြောများတွင် ရှိနေနိုင်သေးသဖြင့် ပညစ်ဒေသခံများ ယနေ့ ယနေ့ ညနေ ၇ နာရီကျော် အထိ အိမ်မပြန်ရဲကြသေးဘဲ တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း တိမ်းရှောင်နေသည့် ဒေသခံတို့ထံမှ သိရသည်။

“အခုထိ အိမ်မပြန်ကြသေးတာ။ တစ်ရွာလုံးနီးပါး တစ်ယောက်မှမကျန်လုနီးနီးပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ယနေ့ နံနက် ၆ နာရီဝန်းကျင်မှစပြီး ကမ်းပနီ-ပညစ်လမ်းအတိုင်း ဝင်ရောက်လာပြီးနောက် ပညစ်ရွာကို ရုတ်တရက် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပညစ်ရွာသည် လောင်းလုံးမြို့၏ အနောက်ဖက် လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး မတ်လ ၆ ရက်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကရင်ကြီးရွာ၊ ကမ်းပနီရွာနှင့် ကုန်းလမ်းခရီး ပေါက်ရောက်နေခြင်းဖြစ်သည်။

မတ်လ ၈ ရက်နေ့က ကရင်ကြီးရွာမှ ထားဝယ်ဖက်သို့ ဆုတ်သွားသော စစ်ကောင်စီတပ်မှာ အချို့သာရှိပြီး အချို့က ကမ်းပနီ၊ ပညစ် ကျေးရွာချင်းဆက် လမ်းကြောင်းအတိုင်း ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ပညစ်ရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိသည်။

ပြီးခဲ့သည့်နှစ်ကလည်း ပညစ်ရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ဖူးသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။