တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2552

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ် ၄ ရက်နေ့မှ မတ် ၁၀ ရက်နေ့အထိ

အမေရိကန်က ရုရှားကုမ္ပဏီပိုင် ဘိုရင်း ၇၃၇ လေယာဉ်ကို သိမ်းယူဖို့ ဝရမ်းထုတ်

ယူကရိန်း ကျူးကျော်စစ်အတွက် တုံ့ပြန် ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားရေနံကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၅ သန်းတန် ဘိုးအင်း ၇၃၇ လေယာဉ်တစီးကို သိမ်းဆည်းဖို့ အမေရိကန်တရားရေးဌာနက မတ်လ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ခွင့်ပြုချက်မရှိဘဲ ရုရှားနိုင်ငံကို အမေရိကန်လုပ်လေယာဉ် ဝင်ရောက်တာကို တားမြစ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို ကုမ္ပဏီက ချိုးဖောက်ခဲ့တယ်လို့ ပြောကြားခဲ့တာပါ။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရုရှားအပေါ် ပိတ်ဆို့အရေးယူတွေ စတင်အသက်ဝင်ချိန်ကစပြီး ဘိုရင်းလေယာဉ်ဟာ ခုနစ်ကြိမ်ထက်မနည်း ရုရှားနိုင်ငံကို အဝင်အထွက် ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလေယာဉ်ဟာ အမေရိကန် နယ်နိမိတ်ထဲမှာ နောက်ဆုံးရှိခဲ့တာကတော့ ၂၀၁၄ ခုနှစ်ကဖြစ်ပြီး အခုလောလောဆယ် လေယာဉ်ကတော့ ရုရှားခရီးစဉ်မှာ အဝင်အထွက်ရှိနေတယ်လို့ ယူဆရကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

Ref: UPI

………………………………..

အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲမှုကြောင့် တာလီဘန် ပြည်နယ်အုပ်ချုပ်ရေးတစ်ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမှာ မတ်လ ၉ ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရပြီးတဲ့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ တာလီဘန်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

အာဖဂန်မြောက်ပိုင်းက ဘော့လ်ခ်ပြည်နယ်မြို့တော်မှာ နံနက်အစောပိုင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗုံးတွေချိတ်ထားတဲ့ အင်္ကျီဝတ် အမျိုးသားတစ်ဦးကနေ ပြည်နယ်အုပ်ချုပ်‌ရေးမှူးရဲ့ ရုံးခန်းရှိတဲ့ ဒုတိယထပ်မှာ ကိုယ့်ဘာသာ အသေခံ ဗုံးခွဲခဲ့တာလို့ ပြည်နယ်ရဲအရာရှိတွေက ပြောပါတယ်။

ဒီအသေခံဗုံးကွဲမှုက ဘယ်သူ့ လက်ချက်လဲဆိုတာကို အဖွဲ့အစည်းတခုခုက ချက်ချင်း ထုတ်ဖော် ကြေညာတာမျိုး မရှိသေးပါဘူး။

သေဆုံးခဲ့သူဟာ အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့က ပြန်လည်သိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း တာလီဘန်ခေါင်းဆောင်းပိုင်းထဲက ရာထူးအမြင့်ဆုံး အသတ်ခံခဲ့ရသူ ဖြစ်လာပါတယ်။

Ref: Aljazeera

………………………………..

မလေးရှား ဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရ

မလေးရှားဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin ကို အာဏာပိုင်တွေက မတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီး အဂတိလိုက်စားမှုတွေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို သူ့အစိုးရလက်ထက်က စီးပွားရေးပြန်လည် နလန်ထူရေးစီမံကိန်း နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက် ဖမ်းဆီးလိုက်တာပါ။

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ကြားမှာ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းကို အာဏာအလွဲသုံးစားလုပ်မှု ငွေကြေးခဝါချမှုနဲ့ ဆက်စပ်တဲ့ ဥပဒေတွေနဲ့ စွဲချက်တင်သွားမယ်လို့ ဆိုထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Muhyiddin နဲ့ သူ့ရဲ့ပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Anwar Ibrahim ကို ကပ်ရှုံးနိမ့်ပြီးတဲ့နောက် အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကို ဖွင့်ချဖို့ လုပ်ဆောင်မည်

ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့ အပြုအမှုတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြားထုတ်ဖော်မယ့် မဟာဗျူဟာတရပ်ကို စတင်လိုက်ပြီလို့ ဖိလစ်ပိုင်အာဏာပိုင်တဦးက မတ်လ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီဗျူဟာက တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်မှုကို တန်ပြန်လုပ်ဖို့ဖြစ်ပြီး တရုတ်ရဲ့ ရန်စမှုတွေကို နိုင်ငံတကာကနေ အာရုံစိုက်ပြီး ပြစ်တင်ကန့်ကွက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့လှုပ်ရှားမှုတွေကို ဖြေရှင်းဖို့နည်းလမ်းဟာ သူတို့ရဲ့အကြောင်းကို လူသိရှင်ကြား ဖော်ထုတ်ဖို့သာ ဖြစ်တယ်လို့ ဖိလစ်ပိုင်ရေတပ် အဆင့်မြင့်အရာရှိတဦးကနေ ပြောကြားထားတာပါ။

ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာဆိုရင် ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတစ်စင်းပေါ်က သင်္ဘောသားတွေဟာ တရုတ်သင်္ဘောက စစ်တပ်သုံး လေဆာရောင်ခြည်ကြောင့် ခဏတာ အမြင်အာရုံဝေဝါးခဲ့ပါတယ်။

ဒီလုပ်ရပ်ကို ဖိလစ်ပိုင်နိုင်ငံဘက်က ဗီဒီယိုမှတ်တမ်းထုတ်ပြန်ခဲ့လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကြား သတိပြုစရာဖြစ်ခဲ့သလို ဖိလစ်ပိုင်အစိုးရကလည်း တရုတ်သံအမတ်အား မနီလာကို ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။

Ref: South China Morning Post

………………………………..

ကနေဒါမှာ ကိုယ်ဝန်ဆောင်ချိန် အတိုဆုံး မွေးဖွားလာတဲ့ အမြွှာနှစ်ဦး စံချိန်တင်

ကနေဒါနိုင်ငံက အမြွှာမောင်နှမ နှစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန် အတိုဆုံး မွေးဖွားလာတဲ့ အမြွှာတွေအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။

အဒီယာနဲ့ အဒရီယယ်တို့ မောင်နှမနှစ်ယောက်ဟာ သတ်မှတ်ရက်မတိုင်မီ ၁၂၆ ရက် စောပြီး မွေးဖွားခဲ့တာပါ။

ဆေးရုံတွေရဲ့ စည်းမျဉ်းအရ ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ် မပြည့်ခင် မွေးဖွားလာတဲ့ ကလေးတွေကို ဆေးရုံက အသက်ကယ်တင်နိုင်ရေး ကြိုးပမ်းမှာမဟုတ်လို့ သူတို့မိခင် ရှာကီနာက ရေမြွှာပေါက်တဲ့အထိ စောင့်ဆိုင်းနေခဲ့ရပါတယ်။

ရှာကီနာဟာ ပထမကိုယ်ဝန် ပျက်ကျခဲ့ဖူးသူဖြစ်ပြီး အဒီယာနဲ့ အဒရီယယ်တို့ မောင်နှမက ဒုတိယကိုယ်ဝန် ဖြစ်ပါတယ်။

ရှာကီနာဟာ ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ်ပြည့်ပြီး ၁ နာရီကျော်အကြာမှာ ရေမြွှာပေါက်ခဲ့တာဖြစ်ပြီး ဆရာဝန်တွေက အမြွှာမောင်နှမကို အသက်ကယ်တင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရပါတယ်။

ပုံမှန်အားဖြင့် နေ့စေ့ လစေ့ မွေးဖွားသူတွေဟာ သီတင်းပတ် ၄၀ ကြာ ကိုယ်ဝန်ဆောင်ရလေ့ရှိပြီး အဒီယာနဲ့ အဒရီယယ်တို့ မောင်နှမကတော့ ၁၈ ပတ်စောပြီး မွေးဖွားခဲ့ကြတာပါ။

Ref: Yahoo

………………………………..

ငလျင်ဘေးကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဆီးရီးယားလူငယ်လေး ရော်နယ်ဒိုနဲ့ တွေ့ခွင့်ရ

ဖေဖော်ဝါရီလက ဆီးရီးယားလူငယ်လေးဟာ ငလျင်ဘေးကနေ အသက်ရှင်လွတ်မြောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေကို သူ့ရဲ့အိုင်ဒေါ ဘောလုံးသမား ရော်နယ်ဒိုနဲ့ တွေ့ဆုံချင်တယ်လို့ ပြောခဲ့တာပါ။

သူဟာ AI Nassr ကစားတာကို ကြည့်ဖို့ ဖိတ်ကြားခံရပြီးနောက် မတ်လ ၃ ရက်နေ့က ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဆီးရီးယားက ကယ်ဆယ်ရေးသမားတွေကို သူ့ရဲ့အိုင်ဒေါနဲ့ တွေ့ဆုံချင်တယ်လို့ နာဘီလ် ဆာအီတ်ဆိုတဲ့ အဲ့ဒီလူငယ်လေး တောင်းဆိုနေတာ ပါဝင်တဲ့ ဗီဒီယိုဟာ ပြီးခဲ့တဲ့လက လူမှုကွန်ယက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။

သူတို့နှစ်ဦးတွေ့ဆုံခဲ့တဲ့အချိန် high five လုပ်ခဲ့တဲ့အပြင် ပွေ့ဖက်ခဲ့ကြပါသေးတယ်။

ကျွန်တော် ရော်နယ်ဒိုကို မြင်တဲ့အချိန် အိပ်မက်လို့ ထင်ခဲ့တာ။ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်နိုင်ခဲ့ဘူး။ ဒီအိပ်မက်က ဘယ်တော့ပြီးသွားမလဲ မသိခဲ့ဘူး။ အိပ်မက်မဖြစ်ပါစေနဲ့လို့ ဘုရားသခင်ကို ကျွန်တော် ဆုတောင်းမိတယ် လို့ ဆီးရီးယားကောင်လေးက ဆိုခဲ့ပါတယ်။

Ref: REUTERS

………………………………..

အာဖဂန်တက္ကသိုလ်များ အမျိုးသမီးတွေကို တက်ခွင့်မပေးပဲ ပြန်ဖွင့်

အာဖရန်နစ္စတန်နိုင်ငံမှာ မတ်လ ၆ ရက်နေ့က ကျောင်းသူအမျိုးသမီးတွေ ကျောင်းတက်ခွင့်မရတော့ပဲ ကျောင်းသားတွေချည်းသက်သက်နဲ့ တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

အမျိုးသမီးအခွင့်အရေးကို ဂုဏ်ပြုတဲ့ မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့မရောက်ခင် ၂ ရက်အလိုမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေကတော့ ဒီကန့်သတ်ချက်က ယာယီပဲဖြစ်မယ်ပြောပေမဲ့ အမျိုးသမီးတွေအတွက် ကျောင်းတွေ ပိတ်ထားတာ တစ်နှစ်ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

အာဖဂန်နစ္စတန်သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပညာသင်ယူခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် တရားဝင် ပိတ်ပင်ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

Ref: Aljazeera

………………………………..

မက္ကဆီကိုနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦး သေဆုံး

မက္ကဆီကိုနိုင်ငံမှာ မတ်လ ၃ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အမေရိကန်နိုင်ငံသား ၄ ဦးထဲက ၂ ဦးမှာသေဆုံးသွားပြီး ကျန်၂ ဦးကတော့ အသက်ရှင်လျက်လွတ်မြောက်ခဲ့တယ်လို့အာဏာပိုင်တွေက ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ အမေရိကန်နိုင်ငံသား ၄ ဦးရှိခဲ့ပြီး မက္ကဆီကန်အရာရှိတယောက်ကနေ ပြန်ပေးဆွဲခံရတဲ့လူတွေထဲက ၂ ဦးရဲ့ အလောင်းကို တွေ့ရကြောင်း ရိုက်တာသတင်းကိုပြောပါတယ်။

အသက်ရှင်လျက်ကျန်နေသေးတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကတော့ အမေရိကန်နိုင်ငံကို ပြန်ရောက်နေပြီလို့ မိသားစုဝင်တွေက ပြောကြားထားပါတယ်။

ဒီအမေရိကန်နိုင်ငံသား ၄ ဦးက အဖြူရောင်ကားနဲ့ မက္ကဆီကိုနယ်စပ် Tamaulipas ပြည်နယ်ထဲက Matamoros မြို့ကို သောကြာနေ့ မနက်က သွားရောက်ခဲ့ကြတာပါ။

မက္ကဆီကိုနယ်စပ်ထဲရောက်ပြီး ခဏအတွင်း သေနတ်သမားတွေက ခရီးသည်တွေကို ပစ်ခတ်ဖမ်းဆီးပြီး တခြားကားတစီးနဲ့ ခေါ်သွားခဲ့တယ်လို့ မက္ကဆီကိုမှာရှိတဲ့အမေရိကန်သံရုံးကပြောပါတယ်။

Ref: ABC News

………………………………..

ဂျာမနီဘုရားကျောင်းအတွင်း ပစ်ခတ်မှုဖြစ်လို့ အနည်းဆုံး လူ ၇ ဦးသေဆုံး

ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ ဟမ်းဘာ့ဂ်မြို့က ယေဟောဝါ သက်သေခံ ဘုရားရှိခိုးကျောင်းမှာ ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူအရေအတွက် များခဲ့တယ်လို့ ရဲတပ်ဖွဲ့က မတ်လ ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနဲ့ သေဆုံးသူ ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း ရဲတပ်ဖွဲ့က တိတိကျကျ မပြောထားသေးပါဘူး။

ဒေသဆိုင်ရာ သတင်းမှာတော့ အနည်းဆုံး လူ ၇ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသစံတော်ချိန် ည ၉ နာရီလောက်မှာ အမည်မသိ ကျူးလွန်သူတဦးဟု ယူဆရသူကနေ ဘုရားကျောင်းရှိ လူတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိက ဆိုထားပါတယ်။

ပစ်ခတ်ခဲ့တဲ့ သေနတ်သမားရဲ့ အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ သေနတ်သမားက သေဆုံးသူတွေထဲမှာ ပါနေတယ်လို့ ယူဆထားကြပါတယ်။

Ref: The Telegraph

………………………………..

ချင်းမိုင်မြို့က ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ဖြစ်လာ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ဟာ မတ်လ ၉ ရက်နေ့က ကမ္ဘာမှာ မီးခိုးမြူအဆိုးရွားဆုံး လေထုညစ်ညမ်းမှုအဆိုးဆုံး မြို့တမြို့ဖြစ်လာခဲ့ပါတယ်။

Air Visval ဝက်ဘ်ဆိုက် ဖော်ပြချက်အရ ၂၀၂၃ မတ်လ ၉ ရက်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့အဖြစ် ရှိနေခဲ့တာပါ။

နေ့လည် ၂ နာရီအချိန်တိုင်းတာခဲ့ရာမှာ ချင်းမိုင်မြို့ ချန်ဖူးအက်ဒေသမှာ လေထုအရည်အသွေးတိုင်းတာချက်အရ ၁၈၇ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းမှာ တောမီးလောင်မှု၊ တောင်ယာမီးရှို့မှုတွေက အဓိကဖြစ်နေပြီး ချင်းမိုင်ခရိုင်ထဲ မီးလောင်ဇုန်ပေါင်း ၄၆ နေရာ တွေ့ရှိခဲ့ကာ ၃၅ ခုမှာ သစ်တောထဲ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးခိုးမြူတွေကြောင့် မျက်စိစပ်တာ၊ အရေပြားယားယံတာတွေ ဖြစ်တတ်သလို အထူးသဖြင့် အဆုတ်ကင်ဆာရောဂါကိုပါ ဖြစ်စေတာကြောင့် အများပြည်သူတွေ ရှောင်ရှားကာကွယ်ကြဖို့ ချင်းမိုင်ကျန်းမာရေးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

Ref: CNA

………………………………..