ရေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်သိမ်းပြီးမီးရှို့လိုက်သည်ဟု ရေးဘီလူးအဖွဲ့ထုတ်ပြန်

0
2727
ပုံစာ - ရေးဘီလူးအဖွဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က မတ်လ ၁၀ ရက် နံနက်ပိုင်းက ဝင်ရောက်သိမ်းဆည်းပြီး မီးရှို့လိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အာယုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာအကြား ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၇ နာရီခန့်က ဝင်ရောက်သိမ်းဆည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါစခန်းတွင် စစ်ကောင်စီတပ်အင်အား ၁၅ ဦးခန့်ရှိပြီး ဝင်ရောက်သိမ်းဆည်းသည့်ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ခြောက်ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟုလည်း ဆိုသည်။

“ထိခိုက်သေဆုံးမှုကတော့ ငါးဦး ခြောက်ဦးလောက်ပဲ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ ထွက်ပြေးတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အင်တာနက်လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။

တပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့သော်လည်း လက်နက်များ သိမ်းဆည်းရမိခြင်း မရှိခဲ့ကြောင်း ဆိုသည်။

 ရေးဘီလူဘက်ကမူ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားသည်။

“လက်နက်ကို ကောက်ဖို့ အဆင်မပြေဘူး။ ဆုတ်လမ်းတအားဝေးတော့ ဟိုဘက်ခြမ်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အကောင်းဆုံးပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၇ ရက်ကလည်း ရေး-ထားဝယ်ကားလမ်းရှိ ရေးမြစ်ကူးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီဘူးအဖွဲ့က ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။