လောင်းလုံး ပညစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ၊ ဒေသခံများထွက်ပြေး

0
2702

လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို စစ်ကောင်စီတပ်က ကုန်းနှင့် ရေ နှစ်ဘက်စလုံးတို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ပညစ်ရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး ယနေ့ မတ်လ ၁ဝရက် နံနက် ၆ နာရီမှ ၉ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“ရုတ်တရက်ဝင်လာပစ်တော့ ကျွန်မတို့လည်း ဘာမှယူလို့မရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်လာရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

တစ်ရွာလုံးနီးပါး ထွက်ပြေးနေရပြီး ရွာထဲပိတ်မိနေသည့် ရွာခံများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ရွာထဲတွင် မီးရှို့ခံရမှုများလည်းရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“လောလောဆယ် ရွာထဲက မီးခိုးလုံး လေးနေရာလောက်က တက်နေတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ယနေ့နံနက် ၁၁ နာရီအထိ လက်နက်ငယ်ဖြင့် ဆက်လက်ပစ်ခတ်နေသေးပြီး ရွာသူရွာသားများ ထိခိုက်မှု အခြေအနေနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုအခြေနေတို့ကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ယင်းအခြေအနေကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း လောင်းလုံးမြို့နယ် ကရင်ကြီးရွာတွင် ပျူစောထီးများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ရောက်လာပြီး ကရင်ကြီးနှင့် သဘော့ဆိပ်ရွာတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများ ထောင်နှင့်ချီရှိနေပြီဖြစ်သည်။

ထို့နောက် လေးရက်အကြာတွင် လောင်းလုံးမြို့၏အနောက်ဖက် ပညစ်ရွာကို ဝင်ရောက်ပစ်ခတ်နေခြင်းဖြစ်သည်။