လောင်းလုံး ကျောက်ဆင်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

0
2648

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယနေ့ မတ်လ ၉ ရက် ညနေ ၅ နာရီဝန်းကျင်က ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၅၀ ကျော်အရွယ်ရှိ ဇနီးမောင်နှံဖြစ်သည့် ကျောက်ဆင်ရွာသား ဦးရခိုင်ဆိုသူနှင့် ဇနီးဖြစ်သူ ဒေါ်လှမူတို့ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

“နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။

အဆိုပါဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါဇနီးမောင်နှံ၏ ရုပ်အလောင်းမှာ ယနေ့ ည ၈ နာရီ ဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်မြို့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ကျောက်ဆင်ရွာသားအချို့မှာ မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်ကြီးရွာဖြစ်စဉ်ကြောင့် တိမ်းရှောင်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျောက်ဆင်ကျေးရွာအုပ်စုထဲတွင် ပါဝင်သည့် ကရင်ကြီးရွာတွင် ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှု၊ မီးရှို့မှု၊ ဖမ်းဆီးမှုများ ဖြစ်ပွားနေသည်။