ပုလော သင်္ကန်းတောရွာရှိ ရော်ဘာခြံများ မီးရှို့ခံရ

0
2525

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ရော်ဘာခြံများ ယနေ့ နံနက်ပိုင်းက မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သင်္ကန်းတောရွာ တောင်ကြီးတောင်၏ အရှေ့ဖက် ကားလမ်းမကြီးဖက်ရှိ ရော်ဘာခြံ ယနေ့ မတ်လ ၉ ရက် နံနက်က မီးရှို့ခံရပြီး ပိုင်ရှင် ငါးဦးလုပ်ကိုင်နေသည့် ရော်ဘာပင် ၁၀ ဧကဝန်းကျင် မီးလောင်ဆုံးရှုံးကြောင်း ဒေသခံများက ပြောသည်။

သင်္ကန်းတောနှင့် အနီးအနားက ကဒဲကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ဒေသခံများမှာ ရွာအတွင်း မနေရဲဘဲ တိမ်းရှောင်နေကြရသည်။

ယင်းနောက် စစ်ကောင်စီတပ်ဘက်က သင်္ကန်းတောရွာ အနီးဝန်းကျင်သို့ ဝင်ရောက်ကာ PDF များကို ဝင်ရောက်ရှာဖွေလေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ ရှာဖွေစဉ် ရော်ဘာခြံထဲက တဲကို မီးရှို့ထားခဲ့ရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“လူမနေတဲ့ တဲကို သူတို့က မီးဝင်ရှို့တာ။ တဲနှစ်လုံးရော ရော်ဘာပင်တွေရော အကုန်မီးလောင်သွားတယ်။ မီးမလောင်ဘဲ နည်းနည်းပဲ ကျန်ရစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦက ပြောသည်။

လက်ရှိဆယ်ဧက ဝန်းကျင်မီးလောင်သွားပြီး ခြံပိုင်ရှင်များက မီးလမ်းကြောင်းဖြတ်ခြင်း၊ ငြှိမ်းသတ်ခြင်းတို့ကြောင့် ယနေ့ ညနေတွင် မီးအရှိန်လျော့သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

“နည်းနည်းတော့ လောင်နေသေးတယ်။ စိတ်မချရသေးဘူး။ လေထပ်တိုက်ရင် ထပ်လောင်နိုင်သေးတယ်” ဟု ရော်ဘာခြံရှင်နှင့် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ကဒဲကျေးရွာ တံတားအနီးရှိ တဲနှစ်လုံးမီးရှို့ခံရပြီး ကွမ်းသီးပင် ၅ ဧကခန့် မီးလောင် ဆုံးရှံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။