ဘန်ကောက်ရှိ ဈေးဝယ်စင်တာအပြင်တွင် မြန်မာအချင်းချင်းဓားထိုးမှု အမျိုးသမီးတစ်ဦးသေဆုံး

0
2628

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်တွင် မြန်မာအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး တစ်ဦးကို ဓားဖြင့်ထိုးသဖြင့် အမျိုးသမီးဖြစ်သူသေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ (မတ်လ ၉) နေ့လယ် ၁၂နာရီခန့်တွင် ဘန်ကောက်မြို့ ရတ်ချထေဝီဒေသ ပတူနမ်နယ်မြေရှိ ဈေးဝယ်စင်တာ အပြင်ဘက်တွင် ဓားထိုးမှုဖြစ်ပွားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးချိန် ဈေးဝယ်စင်တာတစ်ခု၏ အရှေ့ဘက်တွင် ဓားဒဏ်ရာဖြင့် လဲကျနေသော အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မဖြူမာအောင်ကို တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

ရင်ဘတ်၊ လက်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာ ငါးချက် ရရှိထားသည့် မဖြူမာအောင်ကို ဆေးရုံမှ ဆေးအကူအဖွဲ့များက မိနစ် ၃၀ ခန့် ရှေ့ဦးပြုစုနည်း CPR ဖြင့် လုပ်ဆောင်ပေးခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ သေဆုံးသွားကြောင်း ရေးသားထားသည်။

မဖြူမာအောင်ကို ဓားဖြင့်ထိုးသတ်ခဲ့သော ကိုသက်လင်းဦးအမည်ရှိ မြန်မာနိုင်ငံသားသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဈေးဝယ်စင်တာလုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့ကာ ရဲလက်သို့ အပ်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည် အလုပ်ရှင်တစ်ဦးတည်းလက်အောက်တွင် လုပ်ကိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး မီတာ ၁၀၀ ခန့်အကွာ၌ သစ်သီးရောင်းချနေကြသူများဖြစ်သည်ဟု ဆိုသည်။

၎င်းကို အလုပ်ပျင်းရိ၊ အမြဲခိုကပ်ပြီး ဖုန်းတစ်လုံးဖြင့် အမြဲကစားနေသူဖြစ်သည်ဟု မဖြူမာအောင်က အလုပ်ရှင်ကို တိုင်ကြားခဲ့ကြောင်း ကိုသက်လင်းဦးက ထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့ဘက်က ပြောဆိုချက်ကို သတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် ဒေါသထွက်ကာ အသွားသုံးလက်မအရှည်ရှိသည့် ဓားဖြင့် ဈေးဝယ်စင်တာအပြင်ဘက်တွင် မဖြူမာအောင်ကို ဓားဖြင့်ငါးချက်ထိုးခဲ့ကြောင်း ထွက်ဆိုသည်ဟု ဖော်ပြသည်။

လူသတ်မှုဖြင့် ကိုသက်လင်းဦးကို အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ ဘုရားထိုင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

Ref: The Thaiger, Matichon Online, Thairath