ပုလော ခန္တီကျေးရွာအုပ်စုတွင်တိုက်ပွဲဖြစ်ပြီး နေအိမ်တစ်လုံးမီးရှို့ခံရ

0
2494

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုတွင် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်တစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ရေတပ်သင်္ဘောဖြင့် ခန္တီရွာသို့ ဝင်ရောက်လာပြီးနောက် မတ်လ ၇ရက်ညတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

ယင်းပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်ဆုတ်ပေးလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းကျေးရွာအုပ်စုရှိ ကုလားမခေါင်းရွာက နေအိမ် တစ်လုံး မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“မီးရှို့ခံရတဲ့အိမ်က (ဒေသခံ) နောင်အုန်းမောင်ရဲ့အိမ်ပါ။ ဘာကြောင့် အရှို့ခံရတယ် သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှု ရှိမရှိ အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

ခန္တီကျေးရွာအုပ်စုသည် ပလောက်မြို့နယ်ခွဲအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တည်ရှိသည်။  

ခန္တီရွာ၊ ကုလားမခေါင်းရွာ၊ တောင်ခေါင်းလောင်းရွာနှင့် ပြင်ကြီးရွာတို့ဖြင့် ကျေးရွာအုပ်စု ဖွဲ့စည်းထားပြီး ဒေသခံများမှာ တံငါလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြသည်။

ပုလောမြို့နယ်အား ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ ပင်လယ်အနီးရှိ ကျေးရွာများသို့ ထိန်းချုပ်ရန် ကြိုးစားလာနေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုထား သည်။