မြန်မာလုပ်သားများကို မလေးရှားသို့ တရားမဝင်ပို့နေသော ထိုင်းလူမှောင်ခိုခေါင်းဆောင် ဖမ်းဆီးခံရ

0
2391

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ပေးနေသော ထိုင်းလူမှောင်ခိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းမိကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။

အသက် ၅၃နှစ်အရွယ် Che Mai ဟုခေါ်သော အဆိုပါအမျိုးသမီးကို မတ်လ ၇ရက်တွင် နွန်ထဘူရီခရိုင်ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ပြောသည်။

Che Mai သည် စကဲ့ဝိုခရိုင်ရှိ ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ မန်နေဂျာဖြစ်ပြီး ကိုဗစ်ကာလမတိုင်မီအချိန်တွင် ကမ္ဘောဒီးယားနယ်စပ်မှတစ်ဆင့် ထိုင်းသို့ ကုန်ပစ္စည်းများနှင့် ခရီးသည်များကို ပို့ဆောင်ပေးနေကြောင်း သတင်းတွင် ဖော်ပြသည်။

ကိုဗစ်ကပ်ရောဂါပြန့်ပွားလာမှုကြောင့် နယ်စပ်ဂိတ်များပိတ်သွားချိန်တွင် ကုမ္ပဏီမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ ရသဖြင့် အလုပ်သမားများကို တရားမဝင် ပို့ဆောင်ပေးသည့်လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်လာခဲ့ကြောင်း ရေးသားထားသည်။

၎င်းသည် မြန်မာအလုပ်သမားများကို ပရာကျွတ်ခီရီခန်ခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ပို့ဆောင်ပေးရာတွင် ညွှန်ကြားနေသူဖြစ်ကြောင်း ဖော်ပြသည်။

တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် လမ်းစရိတ်၊ စားသောက်စရိတ်အပါအဝင် ဘတ် ၁၇၅၀၀ ကို ကောက်ခံခဲ့ကြောင်း ဆက်လက် ရေးသားထားသည်။  

မြန်မာအလုပ်သမားများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရာတွင် Che Mai သည် ထိုင်း-မြန်မာနယ်စပ်၊ ထိုင်း-မလေးရှားနယ်စပ်များရှိ ပွဲစားများနှင့် ချိတ်ဆက်ဆောင်ရွက်နေသူဖြစ်ကြောင်း ဖော်ပြသည်။

Che Mai သည် အလုပ်သမား မှောင်ခိုပို့ဆောင်ပေးမှု အနည်းဆုံး ခုနစ်ကြိမ် ပါဝင်ပတ်သက်နေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့များက စွပ်စွဲထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ၊ စွန်ခရာ၊ ပတ်တနီနှင့် ရာလခရိုင်များတွင် တရားမဝင် အလုပ်သမားများကို ပို့ဆောင် ပေးမှုနှင့် နေရာထိုင်ခင်းများစီစဉ်ပေးမှုများဖြင့် ဆက်စပ်နေသော အဖွဲ့ဝင် ၁၃ဦးကိုလည်း ဖမ်းဝရမ်းထုတ်ကြောင်း ဖော်ပြသည်။

၎င်းတို့အနက် Che Mai နှင့် နီးစပ်သူ နှစ်ဦးအပါအဝင်အချို့ကို ဖမ်းဆီးရမိပြီးဖြစ်သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့များက Che Mai ၏ ဘဏ်အကောင့်များကို စစ်ဆေးရာတွင် လွန်ခဲ့သော ၆ လအတွင်း ဘတ် ၂၁ သန်းအထိ လည်ပတ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ကူညီဆောင်ရွက်ပေးမှုနှင့် နေရာထိုင်ခင်း ထောက်ပံ့ပေးမှုများဖြင့် Che Mai ကို တရားစွဲထားသည်ဟုဆိုသည်။