မြန်မာအလုပ်သမားအရေး ပိုမိုကူညီပေးကြရန် ချင်းမိုင် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွင် တောင်းဆို

0
2450

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Tha Phae ဂိတ်တွင် ယနေ့(မတ် ၈) ကျင်းပပြုလုပ်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွင် မြန်မာအလုပ်သမားအရေး ပိုမိုကူညီဆောင်ရွက်ပေးကြရန် အလုပ်သမားအရေး လှုပ်ရှားသူများက တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် အမျိုးသမီးအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ဆောင်စဉ် အလုပ်ထုတ်ခံရမှုများ၊ လုပ်ငန်းခွင် ဖိနှိပ်မှုများ ယနေ့အချိန်အထိ ဆက်တိုက်ကြုံတွေ့နေရဆဲ ဖြစ်သဖြင့် အမျိုးသမီးအခွင့်အရေးများ အမျိုးသားများနည်းတူ တန်းတူရရှိရန် အဆိုပါအခမ်းအနားတွင် တောင်းဆိုကြွေးကြော်ခဲ့ကြသည်။

ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ၄ နှစ်ပြည့် MOU မြန်မာအမျိုးသမီး အလုပ်သမားများကို ထိုင်းအစိုးရမှ အလုပ်လုပ်ခွင့်ဗီဇာသက်တမ်း တိုးပေးခြင်းမရှိတော့သဖြင့် အလုပ်ရှင်မှ မြန်မာအလုပ်သမားများကို အလုပ်ထွက်ခိုင်းခြင်းများလည်း ကြုံတွေ့နေရကြောင်း ယင်းအခမ်းအနားတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။

အလုပ်ထုတ်ခံရသော မြန်မာအမျိုးသမီးများတွင် တစ်ချို့မှာ စစ်ကိုင်း၊ ပဲခူး စသော ဒေသများမှ လာရောက်ကြရာ မွေးရပ်မြေများတွင် တိုက်ပွဲဖြစ်နေသဖြင့် နေအိမ်မီးရှို့ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ မိသားစုများလည်း စစ်ဘေးရှောင်နေရဖြင့် နေရပ်ပြန်ရန် မဖြစ်နိုင်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

အိမ်ပြန်ခွင့်မရသော ၄ နှစ်ပြည့် MOU အလုပ်သမားများကို ဖြေလျော့ခွင့်ပေးကာ အထောက်အထားအသစ် ပြန်ရိုက်ခွင့်ပေးရန် ထိုင်းနိုင်ငံ အလုပ်သမားရေးဝန်ကြီးဌာနထံ တောင်းဆိုခဲ့ပြီး တစ်လအကြာတွင် ၆ လနေထိုင်ခွင့်ထပ်ပေးသော်လည်း လက်ရှိအချိန်အထိ တရားမဝင်ဖြစ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မအနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထိုင်းအစိုးရကို တောင်းဆိုချင်တာကတော့ လက်ရှိထိုင်းနိုင်ငံမှာ‌ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားမဲ့တွေကို ပန်းရောက်ကတ်အသစ်ရိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦး ပြောကြားခဲ့သည်။

ချင်းမိုင်ခရိုင် နှင်းဆီခြံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း လုပ်ငန်းခွင်အတွင်း နေ့စားခအပြည့်အဝမရရှိခြင်း၊ ပန်းပွင့်ကောင်းရန် ဓာတုဆေး အများအပြားသုံးစွဲနေရခြင်း စသော အန္တရာယ်ရှိသော လုပ်ငန်းခွင်များကို ကြုံတွေ့နေခဲ့ရကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။

ယင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဘေးကင်းလုံခြုံရန်၊ ကာကွယ်မှုပေးရန်၊ အခြားအလုပ်သမားများကဲ့သို့ နေ့စားခ ညီတူညီမျှရရှိရန်တို့ကို တောင်းဆိုရန်အတွက် အခမ်းအနားတွင် လက်မှတ်ထိုး ကမ်ပိန်းများ ပြုလုပ်ခဲ့ကြသည်။

 အဆိုပါ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို ချင်းမိုင်မြို့တွင် နှစ်စဉ်ကျင်းပနေကြဖြစ်ပြီး ကိုဗစ်ကာလနှောင်းပိုင်းဖြစ်သော ယခင်နှစ်တွင် အကျဉ်းချုံးသာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် အဖွဲ့အစည်းပေါင်းစုံဖြင့် ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ အမျိုးသမီးအဖွဲ့အစည်းများ စုပေါင်း၍ အလုပ်သမားများကို အသိပညာပေးခြင်း၊ အစားအသောက်နှင့် လက်ဆောင်ပစ္စည်းများ ရောင်းချခြင်း၊ ရိုးရာအကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။