သထုံတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံး

0
2398

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆံမှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ယနေ့(မတ် ၈) နံနက် ၇ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ-၂၄ တပ်ရင်းမှ ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကျုံမိန်ကျေးရွာနေ အသက် ၇ နှစ်အရွယ်နှင့် အသက် ၁၃ နှစ်အရွယ် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

“ရွာထဲကို လက်နက်နဲ့ ပစ်တာ၊ လက်နက်ကြီးထိလို့ ကလေး ၂ ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ရှိ ဆေးပေးခန်းသို့ ပို့ဆောင်ကုသမှုခံယူနေရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆံ ကျေးရွာအတွင်း ကျရောက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိသည်ဟု ဒေသခံတို့က ပြောသည်။