တနင်္သာရီတွင် ကော်သူးလေပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

0
2756
ဓာတ်ပုံ - KTLA-tcif Tanintharyi

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တားပလပ်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားကြောင်း   ကော်သူးလေတပ်မတော်နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

မတ်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရေဖြူရွာမှတားပလပ်ရွာသို့ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီနီးပါးကြာမြင့်ခဲ့သည်ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ ဗွီဒီယိုရုပ်သံဖြင့် ထုတ်ပြန်ပြောဆိုထားသည်။

မြေပြင်သတင်းများအရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ကို သိရှိရပြီး မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိဘဲ ဆုတ်ခွါလာနိုင်ခဲ့ကြောင်း ပြောဆိုထားသည်။

ခွပ်ဒေါင်းတမန်အထူးတပ်ဖွဲ့တွင် လက်နက်ခဲယမ်း မပြည့်စုံမှုကြောင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ရကြောင်းလည်း ပြောဆိုထားသည်။

မနေ့ နေ့လယ်က ရေဖြူရွာနှင့်ချောင်းလမုရွာကြားတွင် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ရဲများ ခြေလျှင်စစ်ကြောင်း ထိုးနေသည်ကို တွေ့ရှိရပြီး ယာဥ်များကိုမူတားဆီးစစ်ဆေးခြင်းမျိုး မရှိကြောင်း ခရီးသည်တင် ကားသမားတစ်ဦး ကပြောသည်။

မတ်လ ၇ ရက်နေ့က တနင်္သာရီပြည်ထောင်စုလမ်းပိုင်း နေရာသုံးနေရာတွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။