ကရင်ကြီးကျေးရွာတွင် နေအိမ်များ မီးရှို့ခံရ

0
2652

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာတွင် နေအိမ်များ မီးရှို့ခံနေရကြောင်း ‌ဒေသခံအချို့က ပြောသည်။

ယနေ့ မတ်လ ၈ ရက် ညနေ ၄ နာရီအချိန် ဒေသခံအချို့ထံ မေးမြန်းချက်အရ မီးရှို့ခံထားရသည့် နေအိမ် အနည်းဆုံး ခုနစ်လုံး ရှိနိုင်ကြောင်း ပြောဆိုကြသည်။

မတ်လ ၆ ရက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကရင်ကြီးရွာရှိ ပျူစောထီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနေ့က နေအိမ် သုံးလုံး၊ ယနေ့ မတ်လ ၈ ရက် မွန်းတည့်ပိုင်းက နေအိမ် လေးလုံး ထပ်မံမီးရှို့ခံထားရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့ကပြောသည်။

ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ယနေ့ မီးရှို့ခံနေရသည့်အခြေအနေ အသေးစိတ်ကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။

“တိုက်ပွဲစဖြစ်တဲ့နေ့က (မတ် ၆) မီးရှို့ခံရတာတော့ ဘယ်သူရှို့တယ်ဆိုတာ မသိရဘူး။ ဒီနေ့ (မတ် ၈) ရှို့တာကတော့ ပျူစောထီးအဖွဲ့တွေက ရှို့တာ။ ဘာဖြစ်လို့ သူတို့ရှို့တယ်ပြောနိုင်လဲဆို ရွာထဲမှာ သူတို့ (ပျူစောထီးနဲ့ စစ်ကောင်စီတပ်) ပဲကျန်တော့တာလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကရင်ကြီးရွာ ပျူစောထီးစခန်းအား မတ်လ ၆ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“စစ်ကြောင်းထိုးလာတော့ အင်အားချင်းမမျှလို့ ဆုတ်သွားပြီ ပြောသံကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် စစ်ကောင်စီက ရေကြောင်း၊ ကုန်းကြောင်းနှစ်ဖက်ညှပ်ကာ ကရင်ကြီးကျေးရွာအနီးအနားရှိ တောတောင်များအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ပြီး စစ်ကြောင်းထိုးလျှက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအတွက်ကြောင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့် ကျေးရွာငါးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ရွာထဲမှာတော့ သူတို့တွေ (စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့) တွေနဲ့ ပြည့်နေတယ်။ ဒီနေ့ (မတ် ၈) လမ်းပိတ်မယ် ပြောသံကြားလို့ မနေရဲတော့တာနဲ့ ပြေးလာရတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ဆိုသည်။

သက်ကြီးပိုင်းအချို့မှာမူ ရွာတွင်ရှိနေဆဲဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ‌မောင်းမကန်ရဲစခန်းမှတစ်ဆင့် မောင်းမကန် ကျောက်ဆင် သဘော့ဆိပ်လမ်းအတိုင်း ကရင်ကြီးကျေးရွာဘက်သို့ ခြေလျင်ဝင်ရောက်လာနေကြောင်း ဒေသခံအချို့ကဆိုသည်။

ယင်းအတွက်ကြောင့် ‌ဒေသခံများ တိမ်းရှောင်နေကြရဆဲဖြစ်သောကြောင့် နေအိမ်မီးရှို့ခံရသည့်ဖြစ်စဉ်အပေါ် အတည်ပြုမေးမြန်းရန် ခက်ခဲလျှက်ရှိသည်။