မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား ၅၇၀၀ကျော်ဝင်ဖြေ

0
2572

မွန်ပြည်နယ်တွင် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၅၇၀၀ ကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏စာရင်းများအရ သိရသည်။

ယခုတက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စနစ်ဟောင်း သင်ရိုးဟောင်း နောက်ဆုံးစာမေးပွဲဖြစ်ပြီး ယခင်ကျရှုံးထားသူများ မဖြေဆိုခဲ့ရသူများ ပြန်လည်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ထမ်းအချို့က ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၈ ရက်တွင် စတင်စစ်ဆေးခြင်းဖြစ်သည်။

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၂၂၀ ဦးရှိသည်ဟုဆိုသည်။

ယင်းအနက် မြန်မာစာဖြေဆိုသည့်နေ့တွင် ၅၇၆၈ ဦး ဝင်ရောက်ဖြေဆိုပြီး ၄၅၂ ဦးမှာ ပျက်ကွက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု အဆိုပါစာရင်းများအရ သိရသည်။

ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် အခြေခံပညာကျောင်းတို့တွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ကျောင်းသားမိဘတို့က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေပွဲဖြေဆိုသူ ၁၁၀၀၀ ကျော်ရှိခဲ့သည်။

စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် ဖြေဆိုသူ လျော့နည်းလာခဲ့သည်။