ရန်ကုန်သို့ အရေးပေါ်ပို့လိုသည့်လူနာများကို ထားဝယ်ခရိုင်ကြက်ခြေနီ ပို့ဆောင်ပေးမည်

0
2569

ထားဝယ်ဒေသမှ အရေးပေါ်ဆေးကုသရန်လိုအပ်သူများ ရန်ကုန်မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်လိုပါက အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။

လူနာ၏ ရောဂါအနေအထားကြောင့် ထားဝယ်မှ ရန်ကုန်သို့ လေယာဉ်ဖြင့်သွားရန် အဆင်မပြေသူများနှင့် ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားစီးရန် အခက်အခဲရှိသူများကို ကြက်ခြေနီတပ်ဖွဲ့က အရေးပေါ်လူနာတင်ကားဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

ထားဝယ်ခရိုင်ကြက်ခြေနီအနေဖြင့် ရန်ကုန်မြို့သို့ အရေးပေါ်လူနာပို့ဆောင်ခြင်းကို ယခုအပတ်အတွင်း စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ၀၉၂၆၈၀၈၀၈၁၈ နှင့် ၀၉၇၇၆၁၃၂၂၂၃ ထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

လက်ရှိတွင် ထားဝယ်-ရန်ကုန်ခရီးစဉ်အတွက် ထည့်ဝင်ငွေအဖြစ် ငွေကျပ်ခြောက်သိန်းခွဲ သတ်မှတ်ထားကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းသို့ သတ်မှတ်ထားခြင်းမှာ ထားဝယ်-ရန်ကုန်အသွားအပြန်ခရီးအတွက် စက်သုံးဆီ ၂၄၀ လီတာခန့် ကုန်ကျခြင်း၊ ကားတာယာ၊ အင်ဂျင်ဝိုင် အစရှိသည့် အရေးပေါ်ကား ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရခြင်းအတွက် ငွေကြေးပမာဏကို သတ်မှတ်ကောက်ခံ ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တကယ်လို့သာ ရန်ပုံငွေရှိလာပြီဆိုရင်တော့ အကူအညီလိုအပ်နေလို့ သွားမှရမယ် ငွေရေးကြေးရေးအရလည်း အဆင်မပြေဘူးဆိုရင်တော့ ကူညီရမယ့်အပိုင်းတွေတော့ ရှိလာမှာပေါ့လေ” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

ထားဝယ်မြို့ရှိ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ကလည်း မတ်လ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့သို့ အရေးပေါ်လူနာ ပြန်လည်ပို့ဆောင်ပေးနေသည်။

ထားဝယ်ဒေသမှ ရန်ကုန်မြို့သို့ အရေးပေါ်လူနာပို့ဆောင်ခြင်းကို ထားဝယ်မြို့ရှိ အရေးပေါ် လူနာတင်ယာဉ် အသင်းအဖွဲ့အနည်းငယ်ကသာ လုပ်ဆောင်နေပြီး ထည့်ဝင်ခအနေဖြင့် ကျပ်ခုနစ်သိန်းသတ်မှတ်ထားသည်။

လက်ရှိထားဝယ်ခရိုင်ကြက်ခြေနီကမူ အရေးပေါ်လူနာပို့ဆောင်ခြင်းကို ရန်ကုန်မြို့အပြင် လူနာရှင်သွားရောက်လိုသည့် အခြားမြို့များကိုလည်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ထားဝယ်ဒေသရှိ အရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့အစည်းအများစုမှာ ဒေသအတွင်းတွင်သာ ကူညီသယ်ဆောင်ပေးနေကြသည်။