မြိတ်တွင် အမျိုးသားနှစ်ဦးအတူစီးနင်းလျှင် ဆိုင်ကယ် ၁၅ ရက်ကြာသိမ်းဆည်းခံရ

0
2444

မြိတ်တွင် ယခုရက်ပိုင်းအတွင်း အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား ပြန်လည်ဖမ်းဆီး‌နေပြီး ဆိုင်ကယ်လည်း ၁၅ ရက်ကြာ သိမ်းဆည်းခံရကြောင်း ဆိုင်ကယ်ဖမ်းဆီးခံခဲ့ရသည့် မြို့ခံအချိုက ပြောသည်။

အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား စစ်ကောင်စီ၊ ပျူစောထီးတို့က အိမ်စီးမော်တော်ယာဉ်များဖြင့် ရပ်ကွက်တို့ရှိ လမ်းများအတွင်း လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။  

“ဆိုင်ကယ်နှစ်ယောက်စီးလို့ ဖမ်းတာ။ လိုင်စင်လည်းရှိတယ်။ သွားထုတ်တော့ ဆယ့်ငါးရက်ကြာမှ လာထုတ်လို့ ပြောလိုက်တယ်” ဟု မတ်လ ၄ ရက်က ဖမ်းဆီးခံခဲ့ရသည် ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြိတ်မြို့တွင် အမျိုးသားနှစ်‌ဦးအတူစီးသည် မော်တော်ဆိုင်ကယ်တို့အား ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလတွင် ဖမ်းဆီးမှုမရှိတော့ဘဲ မတ်လအစပိုင်းမှစတင်ကာ ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။

“ဆိုင်ကယ်ဖမ်းမိထားတာ နှစ်ရက်ရှိပြီ။ ရက်ချိန်းပြန်ပေးလိုက်တယ်။ ‌နောက်ဆယ့်ငါရက်ကြာမှပေါ့။ ဆိုင်ကယ်လိုင်စင် အစုံတော့ရှိတယ်။ ပြန်ရမရ ဘယ်လိုလာမလဲ မသိသေးဘူး” ဟု မြိတ်တောင်နယ်မြေနေ ဆိုင်ကယ် ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ဆိုင်ကယ်ဖမ်းဆီးလျှင် ဒဏ်ကြေးပေးကာ ပြန်ထုတ်၍ရသော်လည် ယခုမည်သည့်အကြောင်းအရင်းကြောင့် ၁၅ ရက်ကြာ သိမ်းဆည်းထားသည်ကို မသိရသေးကြောင်း ဆိုင်ကယ်ဖမ်းဆီးခံခဲ့ရသည့် မြို့ခံအချိုက ဆိုသည်။

ဆိုင်ကယ်ဖမ်းဆီးရာတွင် မော်တော်ယာဉ်ဖြင့် တိုက်ကာ ဖမ်းဆီးမှုလည်းရှိသည်ဟု ပြောဆိုမှုလည်းရှိသည်။

“ဒီမနက်ပဲ (မတ် ၇) နှစ်ယောက်စီးလို့ ကားနဲ့တိုက်ပြီး ဆိုင်ကယ်ကို ကားပေါ်ကောက်တင်သွားတယ်” ဟု မြိတ်တောင်နယ်မြေတွင် အမျိုးသားနှစ်ဦးအတူစီးသည့် ဆိုင်ကယ် ဖမ်းဆီးခံရမှုမြင်ကွင်းကို မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြန်လည်ပြောဆိုသည်။

ဇန်နဝါရီလအတွင်း ဆိုင်ကယ်ဖမ်းဆီးစဉ်က ဆိုင်ကယ်တစ်စီးလျှင် အနည်းဆုံး ငါးသောင်းကျပ်မှ တစ်သိန်းကျပ်အထိ ဒဏ်ကြေးပေးမှသာ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဆိုင်ကယ်ဖမ်းဆီးခံခဲ့ရသည့် မြို့ခံအချို့က ပြောပြသည်။

မြိတ်တွင် မော်တော်ဆိုင်ကယ်အား အမျိုးသားနှစ်ဦးအတူစီးပါက ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် နိုတင်ဘာလအတွင်းက ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် အမျိုးသားနှစ်ဦးအတူစီးသည့် ဆိုင်ကယ်တို့အား ကားဖြင့်တိုက်ဖမ်းခြင်း၊ သေနတ် ပစ်ဖောက်ပြီး ဖမ်းဆီးခြင်းတို့ မကြာခဏပြုလုပ်‌လာနေကြောင်း မြို့ခံတချို့က ဆိုသည်။