ကဒဲရွာကွမ်းသီးခြံ မီးရှို့ခံရပြီး ကျပ်သိန်းတစ်ထောင်ဝန်းကျင်ဆုံးရှုံး

0
2575

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာရှိ ကွမ်းသီးခြံမီးရှို့ခံရပြီး ကျပ်သိန်းတစ်ထောင်ဝန်းကျင်ခန့် ဆုံးရှုံးသွားကြောင်း ကွမ်းခြံပိုင်ရှင်နှင့် နီးစပ်သူများထံမှသိရသည်။

ယနေ့(မတ် ၆)နံနက် ၁၀ နာရီခန့်က ကဒဲရွာအပြင် တံတားကြီးအောက် ကွမ်းသီးခြံအတွင်းရှိ တဲနှစ်လုံးကို စစ်ကောင်စီတပ်သားများက ဝင်ရောက်မီးရှို့ခဲ့ရာ ကွမ်းခြံကို မီးကူးစက်သွားပြီး ဆုံးရှုံးခဲ့ရသည်ဟု ၎င်းတို့ကပြောဆိုသည်။

“တဲကိုဝင်ရှို့တာ ခြံပါမီးလောင်သွားတယ်။ သီးနေတဲ့ကွမ်းပင်အပါအဝင် အားလုံး ငါးဧကလောက် မီးလောင်ဆုံးရှုံးသွားတယ်”ဟု ကဒဲရွာမှတခြားတစ်နေရာသို့ လတ်တလော စစ်ရှောင်နေရသည့် ကွမ်းခြံပိုင်ရှင်နှင့်ရင်းနှီးသည့် ဒေသခံတစ်ဦးကပြောသည်။

ယင်းအပြင် တဲအတွင်းရှိ အိမ်သုံးပစ္စည်းများအပါအဝင် ရေစုပ်စက် ၂ လုံးနှင့် လယ်ထွန်စက် ၁ လုံးလည်း မီးလောင် ပျက်စီးခဲ့သည်ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည် နှစ်လဝန်းကျင်ကလည်း စစ်ကောင်စီတပ်များ ရောက်လာသည့်အတွက် တောအတွင်း ပုန်းအောင်းခဲ့ပြီး ပြန်လာချိန်တွင် ဆိုလာပြား၊ဘထ္ထရီအိုး၊အဝတ်အစားအချို့နှင့် စားနပ်ရိက္ခာများ ပျောက်ဆုံးခဲ့ရသည်ဟု ၎င်းကပြောပြသည်။

ပြီးခဲ့သည့်လက ကဒဲရွာကို စစ်ကောင်စီတပ်အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ကာ အင်အားခြင်းမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာခဲ့ရသည်။

ယင်းနောက် နေအိမ် ၁၆၅ လုံးလည်း မီးရှို့ခံခဲ့ရသည်။