ထားဝယ်နှင့် မြိတ်တွင် မီးသွေးဈေး နှစ်ဆခုန်တက်

0
2816

ထားဝယ်နှင့် မြိတ်တို့တွင် မီးသွေးဈေး နှစ်ဆခုန်တက်သွားကြောင်း မီးသွေးရောင်းဝယ်နေသူများနှင့် အိမ်ထောင်ရှင်မများထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် အရည်အသွေးကောင်းသည့် ဒေသအခေါ် ပျူးမီးသွေးမှာ ပြီးခဲ့သည့် အောက်တိုဘာလအထိ တစ်အိတ်လျှင် ကျပ် ၃၈၀ဝမှ ၄၀၀၀ ခန့်သာ ဈေးပေးရသော်လည်း ယခုကာလတွင် ကျပ် ၇၅၀ဝမှ ၈၀၀၀ ခန့်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အရည်အသွေးညံ့သည့် ရိုးရိုးမီးသွေး တစ်အိတ်လျှင် ယခင်က ၃၅၀၀ ကျပ်ခန့်သာရှိသော်လည်း ယခု ဖေဖော်ဝါရီလကုန်အထိ ၅၅၀၀ ကျပ် ဈေးရှိကြောင်း သိရသည်။

ပျူးမီးသွေးအပေါ့သားနှင့် အခြားမီးသွေးရောနှောထားသည့် (အရည်အသွေး အလတ်စား) အိတ်အပြည့်ပါ မီးသွေး တစ်အိတ်လျှင်မူ ယခင်က ကျပ် ၄၀၀၀ ခန့်သာရှိသော်လည်း ယခု ၆၅၀၀ ကျပ်ခန့်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

ထားဝယ်ဒေသတွင် မီးသွေဖုတ်သူ နည်းလာပြီး မီးသွေးလိုသလောက် မရသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း မီးသွေးရောင်းဝယ်ရေး လုပ်ကိုင်သူတို့က ပြောသည်။

“လိုသလောက် (မှာလို့) မရတော့ဘူးပေါ့နော်” ဟု ထားဝယ်မြို့ ကညုံရပ်တွင် မီးသွေးရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က လိုသလောက်မှာယူ၍ရပြီး လက်ရှိကာလတွင် ယခင်ဝယ်နေကြ ဖောက်သည်က မီးသွေးလာမပို့သဖြင့် အခြားဖောက်သည်ကို ထပ်ရှာနေရကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားခအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်ခြင်း စသည် တို့ကြောင့် တွက်ခြေမကိုက်သဖြင့် ယခုနှစ်တွင် မီးသွေးဖုတ်သူနည်းလာကြောင်း မီးသွေးရောင်းဝယ်သူတို့ ဆိုသည်။

ယင်းအပြင် စစ်ရေးပဋိပက္ခကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသဖြင့်လည်း တောတောင်ထဲ မီးသွေးဖုတ် သွားရန် ခက်ခဲလာသလို အလုပ်သမား ရှားပါးမှုနှင့်လည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ထို့ကြောင့် ယခင်က မီးသွေး အိတ် ၂၀ဝခန့် မှာယူသည့်နေရာတွင် အိတ် ၁၀၀ ခန့်သာရရှိသဖြင့် ဈေးကွက်တွင် မကြာခဏ ပစ္စည်း ပြတ်လပ်မှုဖြစ်ကြောင်း ထားဝယ်မြို့တွင် မီးသွေးဝယ်ရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့တွင်လည်း တစ်နှစ်အတွင်း ရှမ်းမီးသွေး ဈေးနှစ်ဆခုန်တက်သွားသည်ဟု ဆိုသည်။ ၂၀၂၂ ခုနှစ် မတ်လက နှစ်တင်းဝင် ရှမ်းမီးသွေးတစ်အိတ် ကျပ်ခြောက်ထောင်သာရှိခဲ့ရာမှ ယခု ၂၀၂၃ မတ်လတွင် တစ်အိတ် တစ်သောင်းနှစ်ထောင်ငါးရာကျပ်အထိ ခုန်တက်လာကြောင်း မီးသွေးရောင်းချသူများနှင့် အိမ်ရှင်မများက ပြောသည်။

“မီးသွေးက ရွှေလိုဖြစ်နေပြီ။ အရင်က နှစ်အိတ်ဝယ်လို့ရတဲ့ငွေ အခုဆိုတစ်အိတ်ပဲရတော့တယ်။ ဈေးမတက်တဲ့ ပစ္စည်း မရှိဘူး။ အကုန်ဈေးတက်တယ်” ဟု မြိတ်မြို့ဒေသခံအမျိုးသမီးက ပြောဆိုသည်။

၂၀၂၂ ဇန်နဝါရီလက မြိတ်မြို့ရှိ လျှပ်စစ်မီး တစ်ယူနစ်လျှင် ၄၇၈ ကျပ်သာရှိခဲ့ရာမှ လက်ရှိတွင် ၁၁၀၀ ကျော် ပေးဆောင်နေရသည်။

ယင်းကြောင့် ယခင်က လျှပ်စစ်ဖြင့် ထမင်းဟင်းချက်ပြုတ်ကြသူအချို့ လျှပ်စစ်မီးအစား မီးသွေးအသုံးပြုလာကြသဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားများလာနေကြောင်း မီးသွေးဝယ်ယူရောင်းချနေသူများက ဆိုသည်။

“လှေဆိုက်တာနဲ့ ကုန်တာပဲ။ ဆယ်အိတ်အထက်လိုချင်ရင် ကြိုမှာထားမှရတယ်” ဟု မီးသွေး လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောသည်။

မီးသွေးထုတ်လုပ်ရာတွင်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သယ်ယူမှုစရိတ်မြင့်မားလာခြင်းတို့ကြောင့် မီးသွေးဈေးကွက် မြင့်တက်လာသည်ဟု လက်လီလက်ကား ရောင်းချသူက ရှင်းပြသည်။

မြိတ်မြို့တွင် မြန်မာမီးသွေးနှင့် ထိုင်းနိုင်ငံသို့ ပို့သည့် ရှမ်းမီးသွေးနှစ်မျိုးရှိပြီး မြန်မာမီးသွေးသည်လည်း တစ်အိတ်လျှင်
ကျပ်ရှစ်ထောင်ဝန်းကျပ်အထိရှိလာနေကြောင်း ဈေးကွက်မှသိရှိရသည်။

“မြန်မာမီးသွေးက ကြိုက်တဲ့သစ်ထည့် ဖုတ်လို့ရတယ်။ ရှမ်းမီးက သစ်ရွေးပြီးမှထည့်ဖုတ်ကြတာ။ ကြာရှည်ခံခြင်းလည်း
ကွာတယ်” ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

မီးသွေးများကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ပင်လယ်ရွာများတွင် ထုတ်လုပ်ကြပြီး ပြည်တွင်းနှင့် အိမ်နီးခြင်း ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချကြသည်။