သရက်ချောင်း သိမ်ကုန်းရေတံခွန်အနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

0
2408

သရက်ချောင်းမြို့နယ် သိမ်ကုန်းနှင့် ဝဲရစ်ရွာကြား သိမ်ကုန်းရေတံခွန်အနီးတွင် မတ်လ ၃ရက်က စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

နံနက်ပိုင်းတွင် ထားဝယ်ဖက်မှ မြိတ်ဖက်သို့လာသည့် စစ်ကောင်စီတပ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရန်ပြင်ထားစဉ် ဝင်းဝနယ်မြေ ရဲစခန်းမှ စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီတပ်ကားတို့ ရှေ့ပြေးလုံခြုံရေးလာယူသဖြင့် ယင်းအဖွဲ့ကိုသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။

“မနေ့က မစ်ရှင်လုပ်တာက စစ်ကောင်စီယာဉ်တန်းကိုစောင့်ပြီး လုပ်ဖို့ပဲ။ သူတို့ထွက်လာတယ်ဆိုတော့ သူတို့ကိုပဲ လုပ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ညနေပိုင်းတွင်မူ သိမ်ကုန်းနှင့် မင်းဒပ်ရွာကြားတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“လက်နက်ကြီး၊ လက်နက်ငယ်တွေတော့ ပစ်နေကြတယ်ဆို အသံကြားတယ်” ဟု တိုက်ပွဲဖြစ်ပွားသည့် ရွာအနီးက အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

မတ်လ ၃ ရက် နံနက် ၈နာရီခန့်တွင် သရက်ချောင်းမြို့နယ် ပိတိုင်ရွာတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရသည်ဟု ဒေသခံအချို့က ပြောဆိုကြသလို ကားဘီးပေါက်သည်ကို မိုင်းကွဲသည်ဟုယူဆကာ စစ်ကောင်စီတပ် ကားတန်းဘက်က ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်ဟုလည်း အချို့က ပြောဆိုကြသည်။

ယင်းဖြစ်ရပ်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။