တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2435

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှ မတ်လ ၄ ရက်နေ့အထိ

စစ်ကိုင်းတိုင်းတွင် လူအစုလိုက်သတ်ဖြတ်ခံရမှု

ယခုသီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းတွင် လူအစုလိုက်သတ်ဖြတ်ခံရမှုနှစ်ခု ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာတွင် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံ ၁၅ဦးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

ယင်းနောက် မတ်လ ၂ရက်တွင် တာတိုင်ရွာသား ရုပ်အလောင်း ၁၅ လောင်းကို မြင်းမူမြို့နယ် ညောင်ရင်းရွာ အနီးဝန်းကျင်က ကျွန်းများတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တာတိုင်နှင့် ညောင်ရင်းတို့မှာ မူးမြစ်ခြားထားသည်။

ညောင်ရင်းရွာသားအမျိုးသားတစ်ဦး၏ အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး တာတိုင်ရွာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသေးသဖြင့် ယင်းဖြစ်ရပ်တွင် အသတ်ခံရသူ စုစုပေါင်း ၁၇ဦးရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းဖြစ်ရပ်ကို တရားစီရင်နိုင်ရေးအတွက် ဓာတ်ပုံသက်သေများအား အရေးပါသော နိုင်ငံတကာအဖွဲ့အစည်းများထံသို့ အချိန်နှင့် တပြေးညီပေးပို့ထားပြီး NUG အစိုးရအနေဖြင့်လည်း အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက် နေကြာင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျီးကန်တောင်နှင့် မြောက်ရွာတို့တွင်လည်း မတ်လ ၂ရက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နောက် သတ်ဖြတ်ခံထားရသည့် အမျိုးသားခုနစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း သတင်းအချို့တွင် ဖော်ပြသည်။ နေအိမ်များလည်း မီးရှို့ခံခဲ့ရသည်ဟုဆိုသည်။

………………………………..

ကချင်တွင် လူအစုလိုက်အသတ်ခံရမှု စုံစမ်းနေပြီ

ကချင်ပြည်နယ်တွင် လူကိုးဦးအသတ်ခံရမှုဖြစ်ရပ်ကို ဖြစ်ရပ်ဖြစ်ပြီးတစ်လကျော်အကြာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) စုံစမ်းနေပြီဖြစ်သည်ဟု ဆိုသည်။

KIA ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်ထဲက လဝါးကျေးရွာအုပ်စုတွင် ဇန်နဝါရီလ ၂၄ရက်နှင့် ၂၅ ရက်တို့တွင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ သတ်ဖြတ်ခံရသူများမှာ ဗန်းမော်၊ မိုးညှင်း၊ နမ္မတီး၊ မိုးကောင်းမြို့နယ်များမှ ဒေသခံများ ဖြစ်သည်။

စစ်ကောင်စီနှင့် ပူးပေါင်းသည်စွပ်စွဲချက်ဖြင့် စစ်ဆေးမေးမြန်းရန် မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဟုဆိုသည့် UG Black K အဖွဲ့က တောင်ယာများထဲမှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်များတွင် ဖော်ပြသည်။ ယင်းသို့လုပ်ဆောင်ရာတွင် KIA တပ်ဖွဲ့ဝင်နှစ်ဦးလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်ရပ်ပြီးနောက် တစ်လအကြာ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရုပ်အလောင်းများကို ပြန်လည်တူးဖော်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း စုံစမ်းစစ်ဆေးမှုများ စတင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်ရပ်ကို KIA က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးနေခြင်းဖြစ်ပြီး KIA တပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် လူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု အဆိုပါကော်မရှင်၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။

………………………………..

ကျန်းမာရေးဝန်ထမ်း ၇၀ ခန့် အသတ်ခံရပြီး ၉၀၀ ခန့် အဖမ်းခံထားရ

ပုံစာ – ရန်ကုန်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြကြသည့် ကျန်းမာရေးဝန်ထမ်းများ။

အာဏာသိမ်းကာလ ၂နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် သတ်ဖြတ်ခံရပြီး ၉၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ထမ်း ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံ၊ ဆေးခန်း ၁၆၀ ကျော်လည်း ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြသည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဝန်ထမ်းများအပေါ် လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၉ ရက်က တောထဲတွင် မွေးလူနာကုသပြီးပြန်လာသည့် ပဲခူးတိုင်း အုတ်ဖိုမြို့နယ်က CDM သူနာပြု ဆရာမ ဒေါ်မေဇွန်မိုး လမ်းတွင် ဖမ်းဆီးခံရကာ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရသလို ချင်းပြည်နယ် ဖလမ်းဆေးရုံက CDM သူနာပြုဆရာမ ဒေါ်သဲသဲဝင်းကိုလည်း ရွာသို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဖော်ပြသည်။

………………………………..

လေယာဉ်မပျံရဇုန် သတ်မှတ်ပေးပါ

မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည့် မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရန် အမေရိကရောက်မြန်မာများက ဖေဖော်ဝါရီလ ၂၅ ရက်တွင် တောင်းဆိုခဲ့ကြသည်။

အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့သို့ ဆန္ဒပြချီတက်တောင်းဆိုကြခြင်းဖြစ်သည်။

မြန်မာအရေးချီတက်ပွဲသို့ ဝါရှင်တန်ဒီစီဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများ၊ နယူးယောက် အင်ဒီယားနား မေရီလန်း ဗာဂျီးနီးယား မြောက်ကယ်ရိုလိုင်းနား တင်နက်စီ ကင်တက်ကီအပါအဝင် အမေရိကန်ပြည်ထောင်စုတဝှမ်းရှိ ပြည်နယ်အများအပြားမှ မြန်မာတိုင်းရင်းသားများတက်ရောက်ကြသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်၊ လေယာဉ်ပစ် လက်နက်များပေးရန် NUG အစိုးရကလည်း မကြာခဏ တောင်းဆိုလေ့ရှိသည်။

မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုများ အပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွားနေသည်။

………………………………..

စက်ရုံနှစ်ရုံပိတ်လိုက်သဖြင့် အထည်ချုပ်လုပ်သားနှစ်ထောင်ကျော်အလုပ်ပြုတ်

ပုံစာ – အလုပ်ထုတ်နစ်နာကြေး ထုတ်ယူရန် စောင့်ဆိုင်းနေသည့် အလုပ်သမားများ။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သွားသဖြင့် အလုပ်သမားနှစ်ထောင်ကျော် အလုပ်ပြုတ်သွားသည်။

ဝါးတရာစက်မှုဇုန်ထဲက Primark အမှတ်တံဆိပ် ချုပ်လုပ်သည့် တရုတ်နိုင်ငံသားပိုင် GTIG နှင့် GYsan စက်ရုံတို့မှာ အထည်အော်ဒါမရခြင်းကြောင့် အလုပ်သမားများကို အလုပ်ထုတ်နစ်နာကြေးပေးကာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

စက်ရုံပိတ်သိမ်းရာတွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အချိန်ကပ်မှ အသိပေးသဖြင့်လည်း ဝေဖန်မှုများ ရှိနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နိုင်ငံတကာက စီးပွားရေး လုပ်ငန်းများ ပြန်လည်ထွက်ခွာနေကြရာ အလုပ်အကိုင်အခွင့်အလမ်းများလည်း တဖြေးဖြေး လျော့နည်းလာခဲ့သည်။

………………………………..

Nestle ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်မည်

ဆွစ်ဇာလန် စားသောက်ကုန်လုပ်ငန်းကြီးဖြစ်သည့် Nestle က မြန်မာနိုင်ငံတွင် ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်က ကြေညာသည်။

လက်ရှိစီးပွားရေးအခြေအနေအရ ရန်ကုန်ရှိ Nestle စက်ရုံနှင့် ရုံးချုပ်လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းမည်ဟု ဆိုသည်။

Nestle က အသင့်သောက်ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo တို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။ ထုတ်လုပ်ရေးလုပ်ငန်းများကို ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင်သာ လုပ်ဆောင်တော့မည်ဟု ဆိုသည်။

………………………………..

အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု AA ပြော

စစ်ကောင်စီတပ်ဘက်က လုပ်ဆောင်မှုများကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ဖေဖော်ဝါရီလ ၂၇ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့သို့ ရောက်ရှိနေချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ရခိုင်တောင်ပိုင်း တောင်ကုတ်၊ သံတွဲမြို့နယ်များနှင့် ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီဘက်က တစ်ရွာဝင် တစ်ရွာထွက်ပြီး ULA/AA မှာ တရားမဝင် အဖွဲ့အစည်းဖြစ်သဖြင့် မပတ်သက်ရန်၊ မဆက်သွယ်ရန်၊ မထောက်ပံ့ရန် ပြောဆိုနေကြောင်း ဦးခိုင်သုခက ဆိုသည်။

ယင်းလုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်လာလျှင် တိုက်ပွဲလမ်းကြောင်းသို့ အချိန်မရွေးရောက်နိုင်သည်ဟု ပြောဆိုသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် နားလည်မှုဖြင့် အပစ်ရပ်ထား၍ သေနတ်သံတိတ်နေသော်လည်း အာမခံချက်ရှိသည့် အခြေအနေမဟုတ်ပေ။

စစ်ကောင်စီဘက်က လူ၊ လက်နက်၊ ရိက္ခာအင်အားတို့ကို နေ့စဉ်စုဆောင်းဖြည့်တင်းနေသည်ဟုလည်း AA က ထောက်ပြသည်။ 

………………………………..

ဦးဖြိုးမင်းသိန်းအပါအဝင်လေးဦးကို NLD ပါတီကထုတ်ပယ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သူ ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကို ပါတီက ထုတ်ပယ်လိုက်ကြောင်း NLD ပါတီ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မတ်လ ၃ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၂ရက်က ကျင်းပသည့် ဗဟိုအလုပ်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေချိန် ပြည်သူ့ဆန္ဒကို မလေးစားသည့်အပြင် ပါတီ ၏ရပ်တည်ချက်ဆန့်ကျင်ပြီး ပါတီအမည်ကို အလွဲသုံးစားလုပ်၍ စစ်ကောင်စီအလိုကျဆောင်ရွက်ကာ ကိုယ်ကျိုးရှာနေ ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုခြင်းတို့ကြောင့်ထုတ်ပယ်ခြင်းဖြစ်သည်ဟုဆိုသည်။

ဦးဖြိုးမင်းသိန်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရွှေနှင့် ဒေါ်လာများ ပေးအပ်ခဲ့သည်ဟု သက်သေထွက်ဆိုခဲ့သူဖြစ်သည်။ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ထောင်ဒဏ်ချသည့် ပုဒ်မဖြင့်တရားစွဲခံရသော်လည်း ဦးဖြိုးမင်းသိန်းမှာ ငွေဒဏ် ကျပ်တစ်သိန်းသသာ ချခံခဲ့ရသည်။

လွတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့သည် ပါတီရုံးချုပ် ပြန်ဖွင့်ခွင့်ပြုရန် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက သွားရောက်ခွင့်တောင်းခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့ သည်။

ဦးတိုးလွင်ကမူ ပြည်ပတွင် ရောက်ရှိနေသူများဖြင့် ဖွဲ့စည်းထားသည့် ဗဟိုအလုပ်ကော်မတီမှာ တရားမဝင်သဖြင့် ထုတ်ပယ်၍ မရနိုင်ကြောင်း ၎င်း၏ Facebook အကောင့်မှတစ်ဆင့် တုံ့ပြန်ရေးသားထားသည်။

………………………………..

ဖွင့်လိုက် ပစ်လိုက် ပတ်စ်ပို့လျှောက်ခွင့်

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို နည်းပညာအဆင့်မြှင့်တင်ကာ ပြန်လည်လျှောက်ထားခွင့် ပြုထားသော်လည်း နည်းပညာအခက်အခဲကြောင့်ပင် ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေသည်။

ပတ်စ်ပို့လျှောက်ထားခွင့်ကို နှစ်လနီးပါးကြာ ရပ်ဆိုင်းထားရာမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြန်လည်ခွင့်ပြုခဲ့ပြီး ရန်ကုန်တွင် အွန်လိုင်းစနစ်ဖြင့် ရန်ချိန်းယူသည့် စနစ်သုံးကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် လူကိုယ်တိုင် လျှောက်ထားသည့် စနစ်ဖြင့် ခွင့်ပြုခြင်း ဖြစ်သည်။

ယင်းသို့ ခွင့်ပြုပြီး လေးရက်မြောက်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နံနက်ပိုင်းတွင် ရန်ကုန်၌ အွန်လိုင်းတွင် ဝင်ရောက် လျှောက်ထား၍ မရတော့ဘဲ ဖြစ်သွားသည်။ စနစ်ကို ပြင်ဆင်မွမ်းမံနေခြင်းကြောင့် ခေတ္တရပ်ဆိုင်းခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက ကြေညာခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် ပြန်လျှောက်ခွင့်ပြုခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ရက်အထိ လျှောက်ထားသူ ငါးသောင်း ကျော် (၅၂,၈၅၀ဦး) ရှိပြီဟုဆိုသည်။ စနစ်အတွင်း ဝင်ရောက်သူများသဖြင့် လုပ်ငန်းလည်မှု နှေးကွေးသဖြင့် စနစ်အား စစ်ဆေးနေပြီး ရက်ချိန်းအသစ် လျှောက်ထား သူများကို အချိန်ပိုင်း ခေတ္တရပ်ဆိုင်းထားသည်ဟုလည်း မတ်လ ၁ရက်တွင် ကြေညာခဲ့ပြန်သည်။

ရက်ချိန်းပေးထားမှုမှာလည်း ဧပြီလ ၃ရက်အထိ ရှိနေပြီဖြစ်သည်။

………………………………..

ဗုံးကွဲမှု၊ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်လာသည့် နေပြည်တော်

လုံခြုံရေးတင်းကျပ်ထားသည့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် ယခုရက်ပိုင်းအတွင်း ဗုံးဖောက်ခွဲမှု၊ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်လာခဲ့သည်။

ဖေဖော်ဝါရီလ ၂၇ ရက်က ဇေယျာသီရိမြို့နယ် သိုက်ချောင်းနှင့် ပုဗ္ဗသီရိမြို့နယ် မုဆိုးမအိမ်ရာကြားရှိ တံတားအနီး စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်တွင်လည်း အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ကြံခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံလည်း ဖြစ်ခဲ့သူ ဦးမြညိမ်း၏ နေအိမ်ကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ယင်းအဖွဲ့က ဆိုသည်။

မတ်လ ၁ရက်တွင် လူစည်ကားသည့် ဧရာဝတီလမ်းက မန္တလေးပါရာဒိုက်အမည်ရ စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲခဲ့သေးသည်။ အထက်ပါဖြစ်ရပ်သုံးခုတွင် သေဆုံးဒဏ်ရာရသူ မရှိခဲ့ပေ။

မတ်လ ၂ရက်တွင် ဇဗ္ဗူသီရီနှင့် ဒက္ခိဏသီရိမြို့နယ်အစပ် ချိုင်းကျေးရွာလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ကိုလည်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) တိုက်ခိုက်ခဲ့သည်။ ယခုဖြစ်ရပ်တွင် ရဲလေးဦး သေဆုံးသည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် နေပြည်တော်တွင် အချုပ်ကားက အချုပ်သားကိုးဦးထွက်ပြေးသွားသည့် ဖြစ်စဉ်လည်း ရှိသေးသေည်။ တရားရုံးထုတ်ပြီး ရမည်းသင်းထောင်သို့ အချုပ်သား ၂ဝကို တင်ဆောင်ကာ ပြန်လာစဉ် ရဲထံမှ သေနတ်လုပြီး ထွက်ပြေးခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်ရပ်တွင် လေးဦးပြန်အဖမ်းခံရပြီး ပစ်ခတ်ဖမ်းမှုကြောင့် တစ်ဦးသေဆုံးသည်ဟု သတင်းအချို့တွင် ဖော်ပြသည်။

………………………………..

ခရီးတင်ကားမှောက်မှုကြောင့် မြန်မာ့လက်ဝှေ့ ချန်ပီယံဟောင်းရွှေဓူဝံ ကွယ်လွန်

အမြန်လမ်းတွင် ခရီးသည်တင်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများတွင် မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်သည်။

နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ဒို့ညီနောင်ခရီးသည်တင်ကားသည် မတ်လ ၄ရက် နံနက် ၅နာရီခွဲဝန်းကျင်တွင် အမြန်လမ်း ၁၆၇ မိုင်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် တန်းကို တိုက်မိကာ တိမ်းမှောက်ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်တွင် အမျိုးသားသုံးဦးသေဆုံးသည့်အနက် ရွှေဓူဝံလည်း ပါဝင်ခြင်းဖြစ်သည်။ အမျိုးသား ၁၅ဦးနှင့် အမျိုးသမီး ၁၀ စုစုပေါင်း ၂၅ဦးလည်း ဒဏ်ရာရသဖြင့် လူမှုကူညီရေးအဖွဲ့များက ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

………………………………..

ဝါးချွန်လက်နက် တပ်ဆင်ပေးသည့် ကြံ့ခိုင်ရေးပါတီ

လက်နက်တပ်ဆင်ပေးအပ်ပွဲဆိုကာ နေပြည်တော်တွင် ကြံ့ခိုင်ရေးပါတီဝင် သုံးရာကျော်ကို ဝါးချွန်နှင့် ဝါးရင်းတုတ်များ ပေးအပ်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်က ကြံ့ခိုင်‌ရေးရုံးတွင် ဖေဖော်ဝါရီလ ၂၁ ရက်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်သူ ဦးမြင့်လှိုင်က ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပါတီဝင်များက စစ်ပညာသင်ကြားပေးရန်၊ လက်နက်ထုတ်ပေးရန် တောင်းဆိုသဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးမြင့်လှိုင်က ပြောဆိုကြောင်း RFA မြန်မာပိုင်းသတင်းတွင် ဖော်ပြသည်။

………………………………..