အောက်ကျောက်ဝပ်တွင် ပစ်ခတ်ခံရသဖြင့် လူငါးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရ

0
2845

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် ပစ်ခတ်ခံရသဖြင့် အမျိုးသား ငါးဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းအပြင် နေအိမ်ငါးလုံး၊ ကားတစ်စီး၊ ဘေးတွဲဆိုင်ကယ်တစ်စီးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်သတ်ခံရသူများမှာ အသက် ၄၀ ကျော်အရွယ် ဦးနော်အေး၊ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်သော ကိုကရင်၊ ကိုတင်ဌေး၊ ကိုမောင်သန်းဝင်း၊ အသက် ၁၈ နှစ်အရွယ် မောင်လှအောင်တို့ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကိုသံရိုးဆိုသူမှာ ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ဆေးကုသနေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဒဏ်ရာရထားတဲ့သူလည်း အခြေအနေမကောင်းဘူး” ဟု ၎င်းဒေသခံက ယနေ့ မွန်းလွဲ ၂ နာရီကျော်က ပြောသည်။

ယင်းအပြင် ကိုမျိုးနှင့် မစန္ဒာတို့၏ နေအိမ်၊ ကိုဇော်နှင့် မမိုးမိုးအေးတို့၏ နေအိမ်၊ ဒေါ်စီစီ၏ နေအိမ်၊ ဦးဖေမြင့်နှင့် ဒေါ်စီလှိုင်တို့၏ နေအိမ်၊ ဦးချိုးဝင်းနှင့် ဒေါ်အေးမြတို့၏ နေအိမ် စသော နေအိမ် ငါးလုံးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“တိုက်တစ်လုံးကတော့ အောက်ခန်းပဲ မီးလောင်သွားတယ်။ ကျန်တဲ့အိမ်ငါးဆောင်ကတော့ ပြာကျသွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းအပြင် ကျွန်းသာယာ ခေါ် ဇင်ကျွန်းရှိ ရသေ့တစ်ပါး၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး အမျိုးအစားကားတစ်စီးနှင့် အခြားဒေသခံတစ်ဦး၏ ဘေးတွဲဆိုင်ကယ်တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ကျောက်နီမော်ရွာက ပျူစောထီးပူးပေါင်း ခန့်မှန်းအင်အား ၅၀ ခန့်သည် အောက်ကျောက်ဝပ် ကျေးရွာအနီးနာရှိ တောတောင်များထဲ ဝင်ရောက်ရှာဖွေပြီးနောက် ရွာထဲဝင်လာကာ နေအိမ်များကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ပစ်သတ်ခံလိုက်ရသူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာထဲဝင်လာချိန် အောက်ကျောက်ဝပ်ရွာမြောက်‌ကျောင်း (ဘုန်းတော်ကြီးကျောင်း) တစ်ခုတွင် ဝင်ပုန်းနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“အိမ်တွေ မီးရှို့ပြီးမှာ သူတို့ကိုဖမ်းလာပြီးတော့ သစ်ပစ်ကြီးအောက်မှာ ပစ်သတ်လိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မီးလောင်သွားသည့်နေအိမ်များကို မီးငြှိမ်းသတ်ပြီးဖြစ်သဖြင့် သေဆုံးသူ ငါးဦး၏ ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ရန် စီစဉ်လျက်ရှိသည်ဟုဆိုသည်။

ဒေသခံအများစုမှာ ရွာထဲမဝင်လာရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်။

အောက်ကျောက်ဝပ်ရွာတွင် မတ်လ ၂ ရက်က တစ်ရက်လုံးနီးပါး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ယင်းရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာအချို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။

မတ်လ ၃ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယနေ့ နံနက်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဝင်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

(အောက်ကျောက်ဝပ်ရွာဖြစ်စဉ်များကို Dawei Watch က သီးခြားဖော်ပြခဲ့ပြီးဖြစ်ရာ ‌အောက်ပါလင့်များတွင် ဖတ်ရှုနိုင်ပါသည်။