လဲရှောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
2412

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ လဲရှောင်ရွာတွင် မတ်လ ၃ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ပစ်သတ်ခံရသူမှာအသက် ‌၄၀ ကျော်အရွယ်ရှိ ဦးထွန်းဇော်ဦးဆိုသူဖြစ်ပြီး မတ်လ ၃ ရက်နေ့ ညနေ ခြောက်နာရီကျော် ဝန်းကျင်ခန့်က ၎င်း၏နေအိမ်ရှေ့တွင် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဆိုင်ကယ်နှစ်စီးဖြင့်လာသည့် အမျိုးသားသုံးဦးက ပစ်သတ်သွားခြင်းဖြစ်သည်။

“နေအိမ်ခြံတံခါးဖွင့်နေတုန်းမှာ ပစ်သွားတယ်”ဟု ၎င်းကပြောသည်။

သေနတ်ပစ်ခံရမှုကြောင့် ဦးထွန်းဇော်ဦး၏ ဦးခေါင်းတွင်ဒဏ်ရာနှစ်ချက်၊ လက်မောင်းအောက် ရင်ဘက်နားတွင်တစ်ချက် စုစုပေါင်းသေနတ်ဒဏ်ရာသုံးချက်ဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။

ဦးထွန်းဇော်ဦးသည် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာသား တစ်ဦးဖြစ်ပြီး လဲရှောင်ရွာသူနှင့် အိမ်ထောင်ကျနေခြင်းဖြစ်သည်။

၎င်းကိုမည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့်မသိရသေးပေ။

သေဆုံးသူအမျိုးသားမှာ တော်လှန်ရေးအဖွဲ့များနှင့်ရော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ပါ အဆက်ဆံရှိသူတစ်ဦးဖြစ်ကြောင်း ၎င်း၏အပြောအဆိုမတတ်မှု၊ ထင်ရာပြောဆိုတတ်သည့် အကျင့်များကြောင့် လူမုန်းများသူတစ်ဦးဖြစ်သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။

“သူတို့က ထီရောင်းတယ် နှစ်လုံး။ အရင်ကတော့ မြေပွဲစား၊ ခြံပွဲစား အဲဒီလိုအလုပ်တွေ လုပ်လေ့ရှိတယ်”ဟု ထိုဒေသခံကပြောသည်။

ဦးထွန်းဇော်ဦးသေဆုံးချိန်မှာ ဇနီးအပါအဝင် အသက် ၁၇ နှစ်အရွယ်သမီးဖြစ်သူနှင့် သားယောက်ျားသုံးဦး စုစုပေါင်း မိသားစုဝင် လေးဦးကျန်ခဲ့သည်။

ရုပ်အလောင်းကိုမှု မနက်ဖြန် မတ်လ ၅ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။