တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2534

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်၀ဝါရီ ၂၅ ရက်နေ့မှ မတ် ၃ ရက်နေ့အထိ

ဂရိမှာ ရထားနှစ်စင်းတိုက်မိလို့ အနည်းဆုံး လူ ၅၇ ဦး သေဆုံး

ဂရိနိုင်ငံမြောက်ပိုင်း လာရစ်ဆာမြို့အနီးမှာ ခရီးသည်တင်ရထားနဲ့ ကုန်တင်ရထားတို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်မိလို့ အနည်းဆုံး လူ ၅၇ ဦး သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေကနေ ခရီးသည်တင်ရထားထဲမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ညလုံးပေါက် ဆောင်ရွက်နေခဲ့ကြပြီး ယခုအချိန်အထိ ရှာဖွေနေကြဆဲလို့ ဆိုထားပါတယ်။

ခရီးသည်တင်ရထားပေါ်မှာ ခရီးသည် ၃၅၀ ဝန်းကျင်လိုက်ပါခဲ့ပြီး အများစုကတော့ ကျောင်းသားတွေလို့ ဆိုပါတယ်။

ရထားနှစ်စင်းက ခေါင်းချင်းဆိုင် တိုက်မိတာဖြစ်ပြီး တိုက်မိတဲ့အကြောင်းရင်းအသေးစိတ်ကိုတော့ အခုချိန်ထိ မသိရသေးပါဘူး။

ရထားတိုက်မိတဲ့အရှိန်က အလွန်ပြင်းထန်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရတာပါ။

ကနဦးစုံစမ်းစစ်ဆေးမှုအရ လူအသေအပျောက်များတဲ့ ရထားတိုက်မှုဟာ ရထားနှစ်စင်းအတွက် လမ်းကြောင်း ပြောင်းရာမှာ ကြန့်ကြာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ရထားတိုက်မှုကြောင့် သေဆုံးသူတွေအတွက် အစိုးရက မတ်လ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံတော် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတွေကို တိုင်တဝက် လွှင့်တင်ထားပါတယ်။

Ref: BBC

………………………………..

ရေပူစမ်းရေတွေကို တစ်နှစ် ၂ ကြိမ်ပဲ လဲခဲ့လို့ ဂျပန်ရိုးရာတည်းခိုခန်းသူဌေး တောင်းပန်

၁၅၈ နှစ်သက်တမ်းရှိတဲ့ ဂျပန်ရိုးရာတည်ခိုးခန်းတစ်ခုမှာ ဘတ်တီးရီးယားပိုးတွေ ပြည့်နှက်နေတာကို တွေ့ရှိခဲ့ပြီးနောက် ရေပူစမ်းက ရေတွေကို တစ်နှစ်ကို ၂ ကြိမ်ပဲ လဲလှယ်ခဲ့မိတဲ့အတွက် တည်းခိုခန်းသူဌေးကနေ တောင်းပန်ခဲ့ပါတယ်။

Onsen ရဲ့ ကျန်းမာရေးစစ်ဆေးရေးတွေကနေ အဲဒီတည်ခိုခန်းရဲ့ရေပူစမ်းမှာ ခွင့်ပြုထားတဲ့အဆင့်ထက် အဆ ၃၇၀၀ လောက် legionella ဘတ်တီးရီးယားတွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဒေသဆိုင်ရာစည်းမျဉ်းတွေအရ ရေပူစမ်းက ရေတွေကို အပတ်တိုင်းလဲလှယ်ပေးသင့်ပေမဲ့ ဟိုတယ်ရဲ့စီမံခန့်ခွဲမှုပိုင်းက ရေကို တစ်နှစ် ၂ ကြိမ်ပဲ လဲလှယ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရိုးရာတည်ခိုခန်းပိုင်ရှင် သူဌေး မာခိုတို ရာမာဒါက တစ်ကိုယ်ရေးသန့်ရှင်းမှုစံနှုန်း ညံ့ဖျင်းခဲ့ပြီး အရေးတယူလုပ်ဆောင်ခဲ့ခြင်းမရှိခဲ့တဲ့အပေါ် နောင်တရမိကာ လေးလေးနက်နက် တောင်းပန်ကြောင်း ဦးညွှတ်ပြောကြားခဲ့ပါတယ်။

Legionella ဘတ်တီးရီးယားတွေက ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါအမျိုးအစားဖြစ်တဲ့ Legionnaires ရောဂါကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

Ref: CNN

………………………………..

ဗီယက်နမ် သမ္မတသစ်ကို လွှတ်တော်အတည်ပြု

ဗီယက်နမ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် Vo Van Thuong ကို သမ္မတသစ်အဖြစ် လွှတ်တော်က မတ်လ ၂ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ Vo Van Thuong ကို သမ္မတအဖြစ် ကွန်မြူနစ်ပါတီက အဆိုတင်သွင်းပြီးတဲ့နောက် လွှတ်တော်အထူးအစည်းအဝေးအတွင်းမှာ လွှတ်တော်အမတ်တွေ အတည်ပြုလိုက်တာပါ။

ယခင်သမ္မတ Nguyen Xuan Phuc ကို ဇန်နဝါရီလတုန်းက ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ပြီး နိုင်ငံတဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အချိန်ကာလအတွင်း သမ္မတသစ် Vo Van Thuong ကို ရွေးကောက် တင်မြောက်လိုက်တာ ဖြစ်ပါတယ်။

သမ္မတသစ်ကတော့ သူ့အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆက်လက် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်ကို ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းအတွင်း ပြောကြားခဲ့ပါတယ်။

Ref: BBC

………………………………..

ဟောင်ကောင်မော်ဒယ်တစ်ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ချက်ပြုတ်ခံရ

အက်ဘ်ဘီ ချွိုက် အမည်ရတဲ့ ဟောင်ကောင်မော်ဒယ်တစ်ဦးဟာ ဟောင်ကောင်က နေအိမ်တစ်ခုမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရက်ရက်စက်စက်အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အက်ဘ်ဘီရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို တွေ့ရှိခဲ့ရပါတယ်။

သူ့ရဲ့ဦးခေါင်းကိုတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရှာတွေ့ခဲ့ပြီး နောက်ထပ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရဲတပ်ဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲပါ။

အက်ဘ်ဘီရဲ့ဦးခေါင်းကို သူ အသတ်ခံခဲ့ရတဲ့နေအိမ်မှာ ရှာတွေ့ခဲ့တဲ့ စွပ်ပြုတ်အိုး ၂ အိုးထဲက တစ်အိုးမှာ တွေ့ရှိခဲ့ရတာပါ။

နုတ်နုတ်စဉ်းထားတဲ့အသားတွေနဲ့ ပြည့်လျှံနေတဲ့ စွပ်ပြုတ်အိုးတွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ရှိခဲ့ချိန်တုန်းကတော့ အိုးတွေထဲမှာ လူသားတစ်ရှူးရှိတယ်လို့ပဲ အတည်ပြုနိုင်ခဲ့တာပါ။ အက်ဘ်ဘီရဲ့လက်တွေနဲ့ ရင်ပိုင်းတွေကိုတော့ ရှာမတွေ့သေးပါဘူး။

လက်ရှိမှာတော့ အက်ဘ်ဘီ ချွိုက်ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိထားတဲ့ ခင်ပွန်းဟောင်း အဲလက်ဇ် ကွမ်နဲ့ သူ့မိသားစုဝင် ၃ ဦးတို့ကို ဖမ်းဆီးထားပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Ref: The Thaiger

………………………………..

အမေရိကန်မှာ ရက် ၃၀ အတွင်း ဖုန်းတွေကနေ TikTok ကိုဖယ်ရမည်

TikTok လူမှုကွန်ရက် App ကို အမေရိကန်အစိုးရသုံး လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ၊ စနစ်တွေကနေ ရက် ၃၀ အတွင်းဖယ်ရှားဖို့ အိမ်ဖြူတော်က အစိုးရဌာနတွေကို ဖေဖော်ဝါရီလ ၂၇ ရက်က ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။

တရုတ်ကုမ္ပဏီပိုင် TikTok App သုံးတာ ဆိုင်ဘာလုံခြုံရေးအတွက် စိတ်မချရဘူးဆိုပြီး အသုံးပြုမှုကို တားမြစ်ဖို့ အမေရိကန်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် အခုလိုအိမ်ဖြူတော်က ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ လိုအပ်လို့သုံးတာ အမျိုးသားလုံခြုံရေးနဲ့ သုတေသနလိုအပ်ချက်အရ သုံးတာမျိုးကလွဲရင် သုံးခွင့်မရှိဘူးလို့ အမေရိကန်အစိုးရက ညွှန်ကြားပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ကာကွယ်ဖို့ ဒစ်ဂျစ်တယ် အခြေခံ လုံခြုံရေးအရ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref: ABC News

………………………………..

တူရကီမှာ ငလျင်ထပ်လှုပ်လို့ ထိခိုက်သေဆုံးမှုရှိ

တူရကီတောင်ပိုင်းမှာ အင်အား ၅.၆ ရှိတဲ့ငလျင်တခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထပ်မံလှုပ်ခတ်ခဲ့လို့ လူတစ်ဦးသေဆုံးပြီး အနည်းဆုံး လူပေါင်း ဒါဇင်ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ယခင်က ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့အဆောက်အဦးများစွာလည်း ထပ်မံပြိုကျခဲ့ပါတယ်။

ဒါဟာ တူရကီနဲ့ ဆီးရီးယားနှစ်နိုင်ငံမှာ လူပေါင်း ငါးသောင်းကျော် သေဆုံးခဲ့ရတဲ့ ပြင်းအား ၇.၈ ရှိ ငလျင်ကြီးအပြီး သုံးပတ်အကြာမှာ ထပ်မံလှုပ်ခတ်ခဲ့တာပါ။

မာလာတီယာပြည်နယ် ရီဆီယာ့တ်မြို့ကို ဗဟိုပြုတဲ့ ငလျင်လှုပ်အပြီးမှာ အပျက်အစီးတွေကြားကနေ လူတွေကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်းစေလွှတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီဒေသဟာ ပြီးခဲ့တဲ့သုံးပတ်အတွင်း ငလျင်ပေါင်းလေးကြိမ်နဲ့ နောက်ဆက်တွဲငလျင်ပေါင်း တစ်သောင်းကျော်လှုပ်ခတ်တဲ့ ဒဏ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ရွှေ့ပြောင်းလာသူ ၆၀ ကျော် အီတလီ ကမ်းလွန်မှာ လှေနစ်သေဆုံး

ရွှေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ သစ်သားလှေတစင်းဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အီတလီဆိပ်ကမ်းမရောက်ခင် ပျက်စီးနစ်မြုပ်ရာက ကလေးငယ်တဦးအပါအဝင် သေဆုံးသူ ၆၇ ဦးထက်မနည်းရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လှေနစ်မြုပ်မှုကနေ အသက်မသေပဲ လွတ်မြောက်လာသူ ၈၀ ကျော်ရှိခဲ့ပါတယ်။

လှေပေါ်မှာ လူ ၂၀၀ လောက်လိုက်ပါလာကာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ ဆီးရီးယား၊ အီရတ်နဲ့ အီရန်နိုင်ငံတွေက ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ကတော့ ပျောက်ဆုံးနေဆဲသူတွေနဲ့ အသက်မသေဘဲ လွတ်‌မြောက်လာသူတွေအတွက် ဆုတောင်းပေးခဲ့ပါတယ်။

Ref: BBC

………………………………..

စစ်ပွဲရှောင်ရှားဖို့ ရုရှားနိုင်ငံသားအများအပြား ထိုင်းကိုလာရောက်နေ

ရုရှားအစိုးရရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲကို ရှောင်ရှားဖို့အတွက် ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံမှာ လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။

ရုရှားခရီးသွားအများအပြားဟာ စစ်ပွဲကို ရှောင်ဖို့ ဒါမှမဟုတ် ရွှေ့ပြောင်းအခြေချဖို့ ထိုင်းကိုလာရောက်နေတာပါ။

ထိုင်းနိုင်ငံက ကိုဗစ်ကန့်သတ်ချက်တွေဖျက်သိမ်းပြီးတဲ့နောက် နယ်စပ်ဂိတ်ကို အပြည့်အဝ ပြန်ဖွင့်ပေးလိုက်တဲ့ အချိန်ကစပြီး ရုရှားနိုင်ငံသားတွေဟာ မလေးရှားနဲ့ အိန္ဒိယပြီးရင် တတိယဝင်ရောက်မှုအများဆုံးဖြစ်နေကြတာပါ။

အနောက်နိုင်ငံတွေက ရုရှားခရီးသွားတွေကို တားမြစ်ထားတဲ့အချိန် ထိုင်းကိုလာရောက်ကြတဲ့ ရုရှားခရီးသွားတွေဟာ ယခင်နှစ် အောက်တိုဘာကနေ ဒီဇင်ဘာလ ၃ လအတွင်း ၃ သိန်း ၃ သောင်းကျော်ရှိနေတယ်လို့ ထိုင်းအားကစားနဲ့ခရီးသွားဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းက အပန်းဖြေကျွန်း Phuket မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အိမ်ယာအရောင်းအဝယ်အားလုံးရဲ့ ၉၀ % ကျော်ဟာ ရုရှားနိုင်ငံသားတွေဖြစ်နေတယ်လို့သိရပါတယ်။

Ref: VOA

………………………………..

အစ္စရေးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းနေအိမ်တွေကို မီးရှို့တိုက်ခိုက်

နာဘလုစ်မြို့အနီးရှိ ဟာဝါရာမြို့ငယ်မှာ ဖေဖော်ဝါရီ ၂၆ ရက်က အစ္စရေး အခြေချသူတွေကနေ ပါလက်စတိုင်းနေအိမ် ၃၀ ကျော်ကို မီးရှို့ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်း သေနတ်သမား တဦးက အစ္စရေးညီအစ်ကို နှစ်ဦးကို ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် မီးရှို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အိမ်တွေနဲ့ ကားတွေကို မီးရှို့တိုက်ခိုက်မှုအတွင်း အသက် ၃၇ နှစ်အရွယ် ပါလက်စတိုင်းလူမျိုးတဦးလည်း သေဆုံးသွားခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

ပါလက်စတိုင်းအဖွဲ့ကတော့ အဆိုပါတိုက်ခိုက်မှုမှာ ၂ ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဓါးထိုးခံရကာ ကျန်တစ်ဦးက သံတုတ်ဖြင့် ရိုက်နှက်ခံခဲ့ရကြောင်း ပြောကြားထားပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန်က ထိုင်ဝမ်ကိုလက်နက်ရောင်းမည့်အပေါ် တရုတ် ကန့်ကွက်

အမေရိကန်နိုင်ငံကနေ ထိုင်ဝမ်ကို လက်နက်ရောင်းချဖို့ စီစဉ်နေတာကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနဲ့ ထိုင်ဝမ်ကျွန်းကို လက်နက်ရောင်းချတာ၊ စစ်ရေးအရ အဆက်အသွယ် လုပ်တာတွေကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ကျွန်းအနီးနားမှာ တရုတ်လေတပ်မှ အကြီးစား ကျုးကျော်ဝင်ရောက်မှု လုပ်နေတာ၂ ရက်ရှိပြီလို့ အမေရိကန်ကို အကြောင်းကြားခဲ့တာပါ။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကနေ F-16 ရေယျာဉ်တွေ ဒုံးကျည်တွေ အပါအဝင် ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ လက်နက်သစ်တွေ ရောင်းချမယ်လို့ အတည်ပြုခဲ့တာပါ။

လက်နက်ရောင်းချမှုကြောင့် ဝါရှင်တန်နဲ့ ပေကျင်းကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုဆိုး လာဖွယ်ရှိတာကြောင့် ဒီလိုအပေးအယူတွေကို ရပ်တန့်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

Ref: REUTERS

………………………………..