မြိတ်တွင် လူမနေသည့်အိမ်မီးလောင်

0
2545

မြိတ်မြို့တွင် လူနေထိုင်ခြင်းမရှိသည့် နေအိမ်တစ်လုံး ယနေ့ မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။

ခြောက်ရက်အတွင်းဆိုလျှင် မြိတ်မြို့နယ်တွင် နှစ်ကြိမ်မြောက် မီးလောင်ကျွမ်းခြင်းဖြစ်သည်။

မြိတ် – ကျွဲကူးကားလမ်းမပေါ်ရှိ စန္ဒဝတ်ကျေးရွာက အောင်သုခသစ္စာဘုန်းတော်ကြီးကျောင်း ဖေဖော်ဝါရီလ ၂၆ ရက်က မီးလောင်ကျွမ်းခဲ့ကြောင်း ယင်းကျေးရွာနေသူတို့မှ သိရသည်။

ကျောင်းထိုင်ဆရာတော် အလှူပွဲတစ်ခုသို့ ကြွရောက်နေစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင်ရသည်ကို မသိရသေးဟု ဆိုသည်။

ထို့အပြင် ယနေ့ မတ်လ ၃ ရက် နံနက် ၁၁နာရီခွဲဝန်းကျင်တွင် မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။

“မီးလောင်တဲ့အိမ်က လူနေမတာကြာပြီ” ဟု ဘုတ်ချောင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တို့တွင် လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းဖြစ်ရပ်တွင်လည်း မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာမီးသတ်ဌာနက စစ်ဆေးနေဆဲဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။