မလေးရှားသွားမည့် မြန်မာလုပ်သား ၁၅ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

0
2536

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၅ဦးကို မတ်လ ၂ရက် ညပိုင်းတွင် ဖမ်းမိကြောင်း အမှတ် (၂၅) ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။

ည ၁၁ နာရီခန့်တွင် အနက်ရောင်ကားတစ်စီးသည် ချွန်ဖော်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းစဉ် ရပ်တန့် စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါကားသည် ချွန်ဖော်ခရိုင် ပါထိဝူဒေသရှိ လမ်းဘေးတစ်နေရာတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ရပြီး ကားပေါ် တွင် လိုက်ပါလာသော မြန်မာအလုပ်သမား အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၃ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။

ကားသမားမှာမူ ထွက်ပြေးသွားသည်ဟု ဆိုသည်။

မြန်မာအလုပ်သမားများတွင် ခရီးသွားအထောက်အထားတစ်စုံတစ်ရာ မပါဘဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ တောလမ်းအတိုင်း လမ်းလျှောက်ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မလေးရှားသို့သွားရန် ကားဖြင့်ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါခရီးစဉ်အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၇၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးထားသူများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် နီးစပ်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။