ထားဝယ် ပေါက်တိုင်းရွာက ရပ်မိရပ်ဖသုံးဦး အဖမ်းခံရ

0
2674

ထားဝယ်မြို့အထွက်ဝရှိ ပေါက်တိုင်းရွာက အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်က မတ်လ ၂ ရက်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

အဖမ်းခံရသူများမှာ ဦးတင်စိုး၊ ဦးသက်ရှိန်နှင့် ဦးခင်မောင်ကျော်တို့ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အရပ်ဝတ်နဲ့ Vigo သုံးစီးရောက်လာပြီး ရွာထဲက အိမ်သုံးအိမ်ကို ဝင်စီးပြီးရှာတယ်။ ပြီးတော့ အဲဒီအိမ်တွေက လူကြီး သုံးယောက်ကို ခေါ်သွားပြီး ဖုန်းနဲ့ ပိုက်ဆံတွေလည်းယူသွားတယ်” ဟု ပေါက်တိုင်းရွာသားတဦးက ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ အေးအေးဆေးဆေးနေတတ်သည့် ရပ်မိ၊ ရပ်ဖများဖြစ်ကြပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ မသိသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

၎င်းအမျိုးသား သုံးဦး အဖမ်းမခံရမီ မတ်လ ၁ ရက် ည ၉ နာရီခန့်ကမူ ပေါက်တိုင်းရွာတွင် ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ပြီးနောက် သေနတ်ပစ်ခတ်သံများလည်း ဆက်တိုက် ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

“ပေါက်ကွဲသံ အကြမ်းကြီးတစ်ချက် အရင်ကြားရတယ်။ ပြီးမှ ပေါက်တိုင်းတံတားဂိတ်ဘက်က သေနတ်သံတွေ အဆက်မပြတ်ကြားရတယ်။ ဒရုန်းတစ်စီးလည်း ပျံနေတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

ပေါက်ကွဲသံ၊ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ထားဝယ်မြစ်ကူးတံတား တစ်စင်းဖြစ်သည့် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နံနက် ၄ နာရီအစား နံနက် ၅ နာရီသို့ ပြောင်းလဲလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။

ပေါက်တိုင်းတံတားဂိတ်သည် ထားဝယ်မြို့မှ သရက်ချောင်း၊ ပုလော၊ မြိတ်၊ ကော့သောင်းတို့ဖက်သွားသော မြို့အဝင်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ယခင်ကတည်းက စစ်ဆေးတင်းကျပ်သည့် ဂိတ်တစ်ခုဖြစ်သည်။

ယင်းပေါက်တိုင်းတံတားကို ဖြတ်ကျော်ပြီးသည်နှင့် ပေါက်တိုင်းရွာသို့ ရောက်ရှိသည်။