သေနတ်ဖြင့်ခြိမ်းခြောက် အဓမ္မခိုင်းခံနေရသော မြန်မာလုပ်သား ၁၄ဦးကို ကယ်တင်

0
2416

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဘန့်ကောင်ရွာ ကြံစိုက်ခင်းတွင် လုပ်ခလစာမရဘဲ အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးကို မတ်လ ၁ ရက်နေ့တွင် ကယ်တင်နိုင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။

ထိုင်းအာဏာပိုင်များနှင့် HRDF အဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အဆိုပါအဖွဲ့က ယနေ့ မတ်လ ၂ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများကို အလုပ်ရှင်က သေနတ်ဖြင့် ခြိမ်းခြောက်အဓမ္မခိုင်းစေပြီး လုပ်ခလစာပေးချေမှု မရှိသည့် အပြင် အထောက်အထားစာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

အလုပ်သမားများကို နားရက်မပေးဘဲ သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်ကာ အလုပ်စေခိုင်းနေခြင်းဖြစ်ပြီး ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုများလည်း ရှိကြောင်း HRDF ထံမှ သိရသည်။

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ဆက်တိုက်ကြုံခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်ဟု အလုပ်သမားများက တိုင်ကြားလာခဲ့သဖြင့် HRDF အဖွဲ့မှ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါဖြစ်ရပ်အတွက် HRDF အဖွဲ့နှင့် ကန်ချနဘူရီဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ ကြံခင်းထဲသွားရောက်ပြီး အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၄ ဦးတို့ကို ကယ်တယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း HRDF ထံမှ သိရသည်။

မြန်မာအလုပ်သမားများကို ပွဲစားတစ်ဦးက အဆိုပါကြံခင်းထဲသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင် အလုပ်ရရန်အတွက် ပွဲစားကို ဘတ် ၉၅၀၀ စီ ပေးခဲ့ရကြောင်း ထိုင်းသတင်းဌာန CH 3 PLUS သတင်းအရ သိရသည်။

အလုပ်လုပ်ခဲ့သော ၂ လတာ ကာလအတွင်း လုပ်အားခများ ခေါင်းပုံဖြတ်ခံနေရကြောင်း သတင်းတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် နံနက် ၄ နာရီမှစတင်ကာ လုပ်ငန်းခွင်ဝင်ခဲ့ရပြီး နားရက်မရှိဘဲ အလုပ်လုပ်ခဲ့ရကာ အကယ်၍ ထွက်ပြေးမယ်ဆိုပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု အလုပ်ရှင်က ခြိမ်းခြောက်ထားကြောင်း ဖော်ပြသည်။

အလုပ်သမားများထံမှ ဖုန်းများကိုလည်း သိမ်းဆည်းထားခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ၎င်းတို့ကြံခင်းနေရာအတိအကျကို မသိရှိရဘဲ နေထိုင်ရာနေရာကို ဓါတ်ပုံခိုးရိုက်ကာ HRDF အဖွဲ့သို့ ပေးပို့ခဲ့ကြောင်း ဖော်ပြသည်။

HRDF က ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်းကာ Google Map သုံး၍ အလုပ်သမားများ နေရာကို လိုက်လံရှာဖွေကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။

အလုပ်ရှင်နေအိမ်ကို စစ်ဆေးရာတွင် အလုပ်ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။