လောင်းလုံးတွင် သစ်ပင်ခုတ်လှဲသည့် အမျိုးသား သစ်ကိုင်းရိုက်မိပြီးသေဆုံး

0
2532

လောင်းလုံးမြို့နယ် သဲပုံရွာတွင် မတ်လ ၁ ရက် နေ့လည်ပိုင်းက သစ်ပင်ခုတ်လှဲသည့် အမျိုးသားတစ်ဦး သစ်ကိုင်းဖြင့် မတော်တဆ ရိုက်မိပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး မင်းရပ်ရွာသားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

နေအိမ်ဆောက်လုပ်ရာတွင် သစ်အဖြစ်အသုံးပြုရန် ဒေသခံတစ်ဦးက အခကြေးငွေပေး၍ အဆိုပါအမျိုးသားအား သစ်ပင်ခုတ်လှဲခိုင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သစ်ပင်ခုတ်လှဲရာတွင် ဦးခေါင်းနောက်စေ့ကို သစ်ကိုင်းရိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သစ်ပင်က အောက်ခြေပြတ်နေပြီ။ နွယ်ပင်ပေါ်တင်နေလို့ အောက်ကိုကျအောင်လုပ်ရာကနေ မတော်တဆ ဖြစ်သွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

ဒဏ်ရာဖြင့် မေ့မြောနေသည့် အဆိုပါအမျိုးသားအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းခရီး၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထို့နောက်အဆိုပါအမျိုးသား၏ ရုပ်အလောင်းအား နေအိမ်သို့ပြန်လည်သယ်ဆောင်လာပြီး ယနေ့ မတ်လ ၂ ရက်တွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။