အောက်စီဂျင်ပြတ်ကာသေဆုံးသည့် မြန်မာရေလုပ်သားသုံးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရမည်

0
2335

ထိုင်းနိုင်ငံတောင်ပိုင်း ပါတ်တနီခရိုင်တွင် ငါးဖမ်းလှေတွင် အောက်စီဂျင်ပြတ်ကာ သေဆုံးသွားသော မြန်မာလှေလုပ်သား သုံးဦးအတွက် နစ်နာကြေး ဘတ်နှစ်သန်းကျော်ရရှိမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ထံမှ သိရသည်။

၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လှေဝမ်းဗိုက်အတွင်းရှိ လှောင်ထားသော ငါးများကို သယ်ထုတ်ရန် ဆင်းယူရာမှ ဓာတ်ငွေ့အဆိပ်သင့်ပြီး အောက်စီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ မြန်မာရေလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၇၈၈၇၆၀ ကို မိသားစုဝင်များထံ ပေးအပ်ရန် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပါတ်တနီလူမှုဖူလုံရေးရုံး (ပကန်စခွန်) က အတည်ပြုပေးလိုက်ကြောင်း MWRN အဖွဲ့မှ ဟတ်ယိုင်တာဝန်ခံ ဦးဘရီက ပြောသည်။

ယင်းနေ့တွင် နစ်နာကြေးများကို အရစ်ကျပေးချေရန် လူမှုဖူလုံရေးရုံးက ပြောကြားခဲ့ပြီး ပထမအကြိမ်အနေဖြင့် တစ်ဦးစီအတွက် ဘတ် တစ်သိန်းခွဲခန့် စတင်ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“တစ်ခါတည်း သူတို့မပေးဘူး။ ပကန်စခွန်ရဲ့ ဥပဒေအရ အရစ်ကျပေးမယ်ဆိုတော့ ကျေနပ်မှုအပြည့်အဝ မရခဲ့ဘူး။ မနက်ဖြန်ဆက်သွားရမယ်။ သူတို့က ဘဏ်စာအုပ်တွေ ဖွင့်ပေးမယ်ပြောတယ်။ ဒုတိယအကြိမ်မှာတော့ အားလုံးကို တစ်ကြိမ်တည်း တစ်ခါတည်းပေးဖို့ကို တောင်းဆိုထားတာတော့ရှိပါတယ်” ဟု ဦးဘရီက ပြောဆိုသည်။

ဒုတိယအကြိမ်အနေဖြင့် သတ်မှတ်ထားချက်များအရ နောက်ထပ်တစ်နှစ်အကြာတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါတ်တနီဒေသတွင် မြန်မာအလုပ်သမားများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် တိုင်ကြားရာတွင် ယခင်က တစ်ကြိမ်တစ်ခါမျှ နစ်နာကြေးရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုခဲ့သည်။

သို့အတွက် ထိုအမှုကို လိုက်ပါပေးရခြင်းဖြစ်ပြီး မိဘများ ယုံကြည်မှုရှိရန်နှင့် ပါတ်တနီဒေသရှိ ကျန်သော မြန်မာအလုပ်သမားများ ရသင့်ရထိုက်သော နစ်နာကြေးများကို သိနားလည်ရန်အတွက် တစ်စိုက်မတ်မတ် လိုက်ပါကူညီပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပါတ်တနီဒေသက ထိုင်းတောင်ပိုင်း အနီရောင်နယ်မြေလည်းဖြစ်တယ်။ ဒီနေရာက ခဏခဏ ဗုံးပေါက်ခွဲမှုတွေ ဖြစ်တယ်။ သူဌေးတွေကလည်း အာဏာကြီးစိုးတယ်။ ကျန်ခဲ့တဲ့မိသားစုတွေက မတိုင်ကြားရဲကြဘူး။ တိုင်ကြားတဲ့ အခါ နစ်နာကြေးရမယ်ဆိုတာကလည်း မယုံထက်ဝက် ယုံထက်ဝက်ပေါ့နော်။ ၅၀-၅၀ ဖြစ်နေကြတဲ့အခါ ကျွန်တော်တို့က ဒီအမှုကို ရအောင်လိုက်ပေးခဲ့တယ်” ဟု ဦးဘရီက ပြောသည်။

သေဆုံးသွားသော မြန်မာရေလုပ်သား သုံးဦးသည် ရခိုင်ပြည်နယ် မြောက်ဦးဒေသခံများဖြစ်ကြပြီး မိဘဖြစ်သူများသည် ထိုင်းတောင်ပိုင်းအထိ လာရောက်၍ နစ်နာကြေးများကို လာရောက်လက်ခံယူကြခြင်းဖြစ်ကြောင်း MWRN ထံမှ သိရသည်။