မော်လမြိုင်တွင် နေအိမ်မီးလောင်၊ ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦးသေဆုံး

0
2543

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အေးသာယာရပ်ကွက်တွင် ယနေ့ မတ်လ ၁ ရက် ညနေ ၃ နာရီဝန်းကျင်က နေအိမ် မီးလောင်ကျွမ်းပြီး ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ရပ်ကွက်နေသူတို့ထံမှ သိရသည်။

အေးသာယာရပ်ကွက် ဘဲကုန်းဈေးအနောက်ဘက်ရှိ နေအိမ်တစ်အိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မီးလောင်မှုကြောင့် ပျဉ်ထောင်အိမ် လေးလုံး လောင်ကျွမ်းပျက်စီးသွားခဲ့ပြီး အသက် လေးနှစ်ခွဲအရွယ် ကလေးငယ် တစ်ဦးနှင့် အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“မီးစလောင်တဲ့အိမ်ဘေးက အိမ်က လေဖြတ်ထားတဲ့ အဘိုးနဲ့ ၄ နှစ်ခွဲကလေးတစ်ဦး သေဆုံးသွားခဲ့တယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။

မီးကို မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့၊ ပရဟိတ အဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူတို့၏ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း လူမှုကယ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၀ ရက်ကလည်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး လူလေးဦး သေဆုံးသွားခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းတွင် ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ၊ မုဒုံမြို့နယ် ကမာဝက်မြို့နှင့် ကွမ်လှာကျေးရွာတို့တွင်လည်း နေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့သေးသည်။