ရငဲရွာသားတစ်ဦးကိုပစ်သတ်ပြီး ငွေကြေးယူဆောင်သူများမှာ သရက်ချောင်း ပကဖ အဖွဲ့မဟုတ်ဟုထုတ်ပြန်

0
2607

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး အခြားဒေသခံ နှစ်ဦးထံမှ ငွေကြေးတောင်းခံသည့်ဖြစ်စဉ်သည် သရက်ချောင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်က ရငဲကျေးရွာသို့ လက်နက်ကိုင်လူတစ်စုရောက်လာပြီး မူယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်တွင် ဖော်ပြသည်။

ထိုသို့စစ်ဆေးစဉ် အမျိုးသားတစ်ဦးမှာ ထွက်ပြေးသဖြင့် ပစ်ခတ်လိုက်ရာ သေဆုံးသွားပြီး အခြားဒေသခံနှစ်ဦးထံမှ လည်း အဆိုပါလက်နက်ကိုင်အဖွဲ့က ငွေကျပ် သိန်း ၃ဝစီ တောင်းယူသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ပါဝင်သူများမှာ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ မဟုတ်ကြောင်း သရက်ချောင်း မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်က ထုတ်ပြန် ထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ဟု သုံးနှုန်းထားပြီး မည်သူတို့၏ လက်ချက်ဖြစ်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဒေသခံအချို့အဆိုအရ ရွာထဲဝင်လာသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်လေ့ရှိသည့် ယူနီဖောင်းများကို ဝတ်ဆင်ထားသည်ဟု ဆိုသည်။

“PDF ယူနီဖောင်းတွေ ဝတ်ထားတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့ကမှန်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးသဖြင့် ပစ်သတ်ခံလိုက်ရသည့် အမျိုးသားမှာ ကိုကြာဥဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“လူတွေအားလုံးကို ဖမ်းပြီး ပြန်လွှတ်လိုက်ပြီးမှာ ကိုကြာဥမိန်းမက သူ့ယောက်ျားပြန်မလာသေးဘူးဆိုပြီး လိုက်ရှာတဲ့ အချိန်မှာ လွတ်လပ်ရေးကျောက်တိုင်နားမှာ အလောင်းပြန်တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကို ထောက်ခံရေးသာလေ့ရှိသည့် တယ်လီဂရမ်ချယ်နယ်များတွင်မူ ယင်းဖြစ်ရပ်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရေးသားဖြန့်ဝေနေကြသည်။

“PDF တွေလို့ ပြောပြီး ဘာလို့ ပိုက်ဆံတောင်းနေရတာလဲ ဆိုပြီးပြောနေရသေးတယ်။ PDF ဆိုရင် ပိုက်ဆံတောင်း တာတွေက လုပ်မှာမဟုတ်ဘူး။ အခုကဘယ်သူတွေ လုပ်တယ်ဆိုတာ ဝေခွဲမရဘဲဖြစ်‌နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

PDF ကို ပုံဖျက်လိုသည့် အဖွဲ့၏ လုပ်ဆောင်ချက်လည်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က သုံးသပ်ပြောဆိုကြသည်။

ပစ်သတ်ခံရသဖြင့် သေဆုံးသူ ကိုကြာဥအလောင်းကိုမူ သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။