ထိုင်းတောင်ပိုင်းတွင် တရားမဝင်မြန်မာအလုပ်သမားများ ထပ်မံဖမ်းဆီးခံရ

0
2621

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများအပါအဝင် မြန်မာအလုပ်သမား ၁၁၈ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပရာကျွတ်ခီရီခန်ခရိုင် ဘန့်စဖန်းဒေသ ဖက်ကဆန်လမ်းမဘေးတွင် ရပ်တန့်ထားသော ၆ ဘီးတပ်အလုံပိတ် ကုန်တင်ကားတစ်စီး၏ အနောက်ဘက်မှ စကားပြောသံများကြားရသဖြင့် မသင်္ကာဖြစ်ရာမှ ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးရာတွင် ကား၏ အနောက်ဘက် အလုံပိတ်ကွန်တိန်နာအတွင်း ရိုဟင်ဂျာများအပါအဝင် မြန်မာအလုပ်သမား အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၃၁ ဦးတို့ကို တွေ့ရှိခဲ့ရပြီး ၎င်းတို့တွင် အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၁ ဦးတို့ ပါဝင်နေကြောင်း ဖော်ပြထားသည်။

အားလုံးသည် တာခ့်ခရိုင် မဲဆောက်ဒေသမှတစ်ဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများကို ပွဲစားတစ်ဦးမှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ဘန်ကောက်မှတစ်ဆင့် ထွက်ခွာလာကာ လမ်းတွင် ကားပျက်နေချိန် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကားမောင်းသမားမှာ ထွက်ပြေးသွားခဲ့ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူအားလုံးကို ဘန့်စဖန်းရဲစခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ပြီးနောက် နေရပ်ပြန်ပို့မည်ဖြစ်ကာ ကားသမားကို ဖမ်းမိရေးအတွက် ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် ပရာကျွတ်ခီရီခန်ခရိုင် ဟွေ့စိုင်းဒေသရှိ နာနတ်သီးခြံထဲတွင် ပုန်းနေသော တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၂ ဦးကို နယ်ခြားစောင့်တပ်များက ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်၊ ရခိုင်ဒေသများမှ လာရောက်ကြခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၂၅၀၀၀ အကုန်ကျခံ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ ပွဲစားလာခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသော မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ကလောဝမ်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာစဉ်တွင် ဖေဖော်ဝါရီလအတွင်း မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုသည် ၈၀၀ ခန့်အထိ ရှိခဲ့ကြောင်း သိရသည်။

Ref: MGR Online, Khaosod Online, News Workpoint 23